မံစီမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က နေအိမ်နှင့် ဈေးဆိုင်ခန်းပေါင်း ဆယ်လုံးကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မိုင်းခေါင်ကျေးရွာ၊ ရပ်ကွက် (၃) ဈေးရှေ့ရှိ နေအိမ်နှင့် ဆိုင်ခန်းတန်းလျား ဝါယာ‌ရှော့ခ်ကြောင့် မီးလောင်ပြာကျပျက်စီးခဲ့သည်ဟု မိုင်းခေါင်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ခန်းနဲ့ အိမ်တွဲလျက်တွေဆိုတော့ ဆယ်လုံးလောက် မီးလောင်သွားတယ်။ ဝါယာရှော့ခ်ကြောင့် မီးလောင်သွားတာ၊ အခုမှစာရင်းပြန်ကောက်နေတာ” ဟု ပြောသည်။

နှစ်နာရီခန့်ကြာ မီးလောင်ခဲ့ခြင်းဖြစ် မီးငြိမ်းသတ်ရန် ကူညီပေးသည့် မိုင်းခေါင်ရွာသားတစ်ဦး မီးဟတ်သည့်ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းခေါင်ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မီးလောင်တဲ့ထဲတော့ လူထိတာမရှိဘူး။ ဆိုင်ခန်းတွေလည်း နံရံပဲခြားတာဆိုတော့ အကုန်လုံးအပြောင်ပဲ မီးလောင်တာ။ မီးငြိမ်းကူရင်းနဲ့ ရွာသားတစ်ယောက် ချော်လဲပြီး ခန္ဓာကိုယ်အနှံ့ အဖုနဲ့အနာတွေ ဖြစ်ကုန်တယ်” ဟု ပြောသည်။

မိုင်းခေါင်ကျေးရွာနှင့် ၁၆ မိုင်ခန့်ကွာဝေးသော မံစီမြို့မှ မီးသတ်ကား အကူအညီခေါ်ယူခဲ့သော်လည်း လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ ကြန့်ကြာနေပြီး မီးငြိမ်းချိန်မှရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် ပျဉ်ထောင်အိမ်နှစ်လုံး၊ ကုန်စုံဆိုင်၊ ဆေးဆိုင်နှင့် နေအိမ်တွဲလျက် ဆိုင်ခန်းပေါင်း ၁၀ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိ ဒေသခံပြည်သူများကို ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်ကာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သောကြောင့် သတိထားသွားလာကြရန် ရပ်ရွာလူကြီးများက မှာကြားထားကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ