ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့က ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောသည်။

အိန္ဒိယ – မြန်မာနယ်စပ် ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ယမန်နေ့ညနေ ၅ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနီးရှိစခန်းငယ်များကိုလည်း ယနေ့တွင် အပြီးသတ်သိမ်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော် CNA ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီက The 74 Media ကို ပြောသည်။

“ရိခေါဒါရ်မှာက အဲဒီစခန်းနှစ်ခုပဲရှိတာ။ ကျန်တဲ့စခန်းမရှိတော့ပါဘူး။ စခန်းကြီးကတော့ ကျွန်တော်တို့ ဒီကနေ့ မနက် ၆ နာရီမှာသိမ်းတယ်။ ကျန်တဲ့ စခန်းငယ်ကတော့ ကျနော်တို့ ညနေ ၅ နာရီလောက်မှာ အပြီးသိမ်းတယ်။ အခုကတော့ ရိခေါဒါရ်မြို့ တစ်မြို့လုံးကို ကျွန်တော်တို့ထိန်းထားနိုင်တဲ့အနေထားမှာပေါ့နော်” ဟုဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးခဲ့ပြီး ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ခုနှစ်ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း သူကဆက်ပြောသည်။

“ဒီစခန်းထဲမှာအလောင်းတွေ့တာကတော့ ငါးယောက်လောက်တွေ့တယ်။ တချို့လည်း လက်နက်ထားပစ်ခဲ့ပြီးတော့ တိမ်းရှောင်သွားကြတာရှိတယ်။ ဒေသခံတွေပြောကြတာတော့ အိန္ဒိယဖက်ကိုလည်း ခိုးပြီးတော့ ဝင်သွားတယ်လို့သိရတယ်။ ဒါပေမဲ့အဲဒါ စုံစမ်းဆဲပေါ့နော်” ဟုဆိုသည်။

ထိုတပ်စခန်းနှစ်ခုမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး အရေအတွက်အတိအကျကို စိစစ်နေဆဲဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။

စစ်ကောင်စီတပ်က စခန်းသိမ်းပိုက်ခံရပြီးနောက် တပ်စခန်းအနီးသို့ Mi 35 စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် (CNA) မှဦးဆောင်ကာ ချင်းဒေသကာကွယ်ရေးတပ် (CDF – Hulngoram) နှင့် CDF ထန်တလန်တို့က ပူးပေါင်းပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းကလည်း ရိခေါဒါရ်မြို့တွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ