မြစ်ကြီးနားမြို့အထက်ပိုင်း အာလမ်ကျေးရွာအုပ်စုရှိ ဧရာဝတီမြစ်ကမ်းနားတစ်လျောက်တွင် အလွန်အကျွံရွှေတူးဖော်နေသဖြင့် ကျေးရွာအတွင်းရှိ လူနေအိမ်ခြံဝင်းများနှင့် အလွန်နီးကပ်လာသောကြောင့် ဒေသခံပြည်သူများစိုးရိမ်နေကြကြောင်း သိရသည်။

ဒေသခံပြည်သူများကန့်ကွက်နေသော်လည်း မြစ်ကမ်းအနီးနေထိုင်သည့် မြေပိုင်ရှင်များက မြေနေရာရောင်းချပေးနေသောကြောင့် ရွာနှင့်နီးကပ်လာခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကမ်းပါးကိုတူးနေတာ အဲ့နေရာကဘယ်သူနဲ့မှမဆိုင်ဘူး။ အဲ့ဒါကိုကမ်းဘက်ကျတဲ့ အိမ်ပိုင်ရှင်တွေက ရောင်းစားကြတယ်။ သူတို့ရဲ့မျက်နှာစာကို ရွှေကျင်သူတွေနဲ့ တိုးတိုးတိတ်တိတ် ရောင်းစားကြတာ၊၊ တစ်နှစ်ထက်တစ်နှစ် မြစ်ကမ်းကကုန်လာပြီ။ အခုတောင်ရွာထဲကို ရောက်လာတော့မယ်” ဟုပြောသည်။

လက်ရှိရွှေတူးဖော်နေသည့်နေရာမှာ ဒေသခံပြည်သူများ ခြံသွားရောက်လုပ်ကိုင်ရန် အင်ဂန်းကျေးရွာသို့သွားသော ကူးတို့ဆိပ်ဖြစ်ပြီး ကြိုးနှင့်တန်းကာ တူးဖော်နေကြခြင်းဖြစ်ကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒေသခံတွေလည်း လူကြီးတွေနဲ့တစ်ခါသွားပြောထားပြီမတူးကြဖို့၊ ဒါပေမဲ့ ဆက်တူးနေတုန်းပဲ၊ ကြိုးနဲ့တန်းပြီး အဲ့နေရာကိုသွားလို့မရဘူးဆိုပြီးပြတဲ့သဘောနဲ့ တူးကြတယ်။ တစ်နေရာကို သိန်းတစ်ရာနဲ့ ဝယ်ယူပြီးတူးတယ်လို့ပြောကြတယ်။ ဒီအတိုင်းဆက်တူးနေရင် ရွာကိုရေဝင်တာတွေ ရှိလာနိုင်တယ်။ ရွာပျက်စီးမှာစိုးရိမ်လာတယ်” ဟုပြောသည်။

တစ်ကျင်းလျင် လူအင်အားရှစ်ဦးခန့်နှင့် ရွှေဆိုင်းရှစ်ဆိုင်းဖြင့် တူးဖော်နေကြခြင်းဖြစ်ပြီး ရွှေတူးဖော်နေသူများတွင် ဒေသခံများလည်းပါဝင်နေကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများနှင့် ဒေသခံအချို့က ရွှေတူးဖော်နေသူများကို လုပ်ငန်းရပ်တန့်ရန် တစ်ကြိမ်ခေါ်ယူသတိပေးခဲ့သော်လည်း လက်ရှိအချိန်ထိ ဆက်လက်တူးဖော်နေကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကဆက်ပြောသည်။

“ဒေသခံတွေလည်းပါ တခြားရွာကလည်းပါဆိုတော့ခေါ်ပြီး မတူးနဲ့လို့တော့ပြောထားတယ်။ ကျေးရွာမှာဆိုတော့ ရွာကိုထိလာတယ်လေ။ ဧရာဝတီမြစ်ဘက်ဆိုရင်တော့ ဘာမှမပြောဘူး။ ခြံနဲ့နီးနီးလေးမှာ လာတူးနေလို့ ရေကြီးလာရင်တိုက်စားပြီး မြေကြီးကပြန်ပြိုဆိုရင် ရေဝင်လာမှာကို စိုးရိမ်တယ်” ဟုပြောသည်။

လက်ရှိရွှေတူးဖော်နေသူများက ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများထံ ခွင့်တောင်းကာ တူးဖော်နေကြခြင်းမဟုတ်ဘဲ ဒေသခံများက မြေရောင်းပေးသဖြင့် တူးနေခြင်းဖြစ်သည်ဟု ပြောကြောင်း ဒေသခံများထံကသိရသည်။

ပေ ၂၀ ကျော်ခန့်အနက်ရှိသည့် ကျင်းများတူးကာ ရွှေတူးနေကြခြင်းဖြစ်ပြီး အဆိုပါကျင်းများမှာ နေအိမ်နှင့် ပေနှစ်ဆယ်ခန့်သာကွာဝေးကြောင်း အာလမ်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့က အိမ်ကနေပေနှစ်ဆယ်လောက်ပဲဝေးတော့တဲ့နေရာအထိတူးကြတာ။ ကျင်းတစ်ကျင်းမှာ အနက်က ပေ၂၀ ကျော်တွေကြီးပဲ အိမ်နဲ့နီးတော့ ကလေးတွေရေလာချိုးရင်ကြောက်ရတယ်။ ကမ်းပါးလည်းတော်တော်ပြိုနေပြီ၊ ပေတစ်ရာပတ်လည်မှာ စက်လေးလုံးလောက်နဲ့တူးနေတာ။ မြေကြီးလည်းပြန်မဖို့ပေးထားဘူး” ဟုပြောသည်။

တစ်နှစ်ထက်တစ်နှစ် ကမ်းပါးများပိုမိုပြိုလာသောကြောင့် ယခုကဲသို့ဆက်လက်တူးဖော်နေပါက ဧရာဝတီမြစ်ရေကြီးချိန် ရေစီးကြောင်းပြောင်းကာ ကျေးရွာအတွင်းဝင်ရောက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်းသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ လမုန်းဇွပ်ကျေးရွာမှ အထက်ပိုင်း ကျိန်ခရန်ကျေးရွာအထိရှိ မြစ်ကြောင်းတစ်လျှောက် တစ်နိုင်တစ်ပိုင်ရွှေတူးဖော်သူများနှင့် စက်ယန္တရားကြီးများဖြင့် တရားမဝင်ရွှေတူးဖော်မှု ပိုမိုများပြားလာပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း စစ်ကောင်စီတပ်က စက်ဖောင် ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း – Doi Awng
ဓါတ်ပုံ – ပုံဟောင်းဖြစ်သည် (မြစ်ကြီးနားမြို့နယ်ရှိ ဧရာဝတီမြစ်တွင် ၂၀၂၂ ခုနှစ်က ရွှေတူးဖော်သည့် နေရာများကိုတွေ့ရစဉ်)

သင့်ထင်မြင်ချက်ရေးပေးပါ