မိုးကောင်းမြို့နယ်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပူးပေါင်းထိုင်သည့် တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်အဆင့်ရှိသူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆားမှော်ကျေးရွာအရှေ့တောင်ဘက် မဖျင့်ကျေးရွာအနီးရှိ ဒေသအခေါ် စပါးကုန်းစခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု မိုးကောင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းသိမ်းတာကတော့ ၁၁ ရက်နေ့ကတည်းကပေါ့နော်။ လိုင်းအခြေအနေမကောင်းလို့ မထုတ်ပြန်တာပါ။ ထိခိုက်တာတော့ သူတို့ရဲ့ တစ်ပွင့်ဗိုလ်ဆိုတဲ့လူကောင်းကောင်းထိသွားတော့ မြစ်ကြီးနား မ.ပ.ခ ဆေးရုံကို ပို့လိုက်ရတယ်” ဟုဆိုသည်။

စပါးကုန်းတပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့် စစ်ကူရောက်ရှိလာကာ လာရောက်ကယ်ထုတ်သွားကြောင်း သူကဆက်ပြောသည်။

“သူတို့တွေက လက်နက်ကိုယ်စီကိုင်ပြီးထွက်ပြေးသွားတာဆိုတော့ လက်နက်တွေတော့ မသိမ်းလိုက်နိုင်ဘူး။ ကျွန်တော်တို့လည်း တဖြည်းဖြည်းချင်း ဓာတ်ပုံတွေရော ထုတ်ပြန်သွားဖို့ ရှိပါတယ်” ဟုဆိုသည်။

အဆိုပါတိုက်ပွဲကြောင့် ဆားမှော်ကျေးရွာရှိ ဒေသခံပြည်သူအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“အကုန်လုံးနီးပါးလောက်ရှိပြီရှောင်ကြတာ။ နည်းနည်းပါးပါးပဲကျန်တာပေါ့ ရွာထဲမှာတော့။ လူတွေမရှိတော့ဘူး ခြောက်ကပ်သွားတဲ့အထိကို ဖြစ်သွားတာ။ နာရေးအိမ်မှာလူနည်းနည်းပါးပါးပဲရှိတာအဲဒါပဲ။ ကျန်တဲ့သူတွေက ရှောင်သွားကြပြီ” ဟုဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၁၀၅ က ကျေးရွာအတွင်းသို့ လက်နက်ကြီး ရမ်းပစ်ခတ်သောကြောင့် ဆားမှော်ကျေးရွာ ဒေသခံသုံးဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မိုးကောင်းမြို့နယ် တောင်နီကျေးရွာရှိ ပြည်သူ့စစ်စခန်းကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က မိုးကောင်း KPDF တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။

သတင်း – Thu Ta

ဓာတ်ပုံ – ပေးပို့ (1) စပါးကုန်းစခန်း (2 – 5) နိုဝင်ဘာလ ၁၂ ရက်နေ့က ဆားမှော်ကျေးရွာမြင်ကွင်း

သင့်ထင်မြင်ချက်ရေးပေးပါ