ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းအချို့ကို စွန့်ခွာထွက်ပြေးသွားသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအလွယ်တကူ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်စခန်းများ မကြာခဏတိုက်ခိုက်သိမ်းပိုက်ခံနေရသောကြောင့် မြို့ပေါ်စခန်းများတွင် အင်အားစုစည်းနေကြခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“မြို့ပေါ်စခန်းတွေမှာထိုင်ပြီး ခံစစ်ပြင်တော့မယ့်ပုံစံမျိုးဗျာ။ ကျွန်တော်တို့လည်း တိုက်စစ်ဖွင့်နေပြီလေ၊ အခုကဟိုဘက်လည်းသိမ်း ဒီဘက်လည်းသိမ်းဆိုတော့ အထိုင်တွေမှာအင်အားလည်းမရှိတော့ စုပြီးခံစစ်ပြင်နေတာပေါ့” ဟုပြောသည်။

တပ်စခန်းစွန့်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ပျူစောထီးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များလည်း ပြောင်းရွှေ့သွားကြောင်း သူကပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက ဘန်ကာများ အခိုင်အမာတည်ဆောက်ကာ နေထိုင်ခဲ့သော တပ်စခန်းများကို ခွန့်ခွာသွားခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အခုတော့ ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်နေပြီ။ ရေဦးမူးမြစ်တံတား အရှေ့ဘက်ကမ်းအထိထိန်းချုပ်ထားနိုင်ပြီ။ စကစတွေအဲ့နေရာတွေမှာတပ်စွဲထားတာတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းကဟုတ်တယ်။ အဲ့မှာထိုင်တာက ပျူတွေလည်းပူးပေါင်းဟုတ်တယ်” ဟုပြောသည်။

ရေးဦး – ခင်ဦးကားလမ်းရှိ မူးတိမ်ချောင်းတံတားရှိ စစ်ကောင်စီတပ်စခန်းမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့ကစွန့်ခွာသွားပြီး ရွာသစ်ကုန်းကျေးရွာရှိအထိုင်စခန်းနှင့် အင်းပတ်ကွေ့ အထိုင်စခန်းများသည် နိုဝင်ဘာလ ၁၀ ရက်နေ့ ညကစွန့်ခွာသွားခြင်းဖြစ်သည်။

အဆိုပါတပ်စခန်းများတွင် တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၁၂၀ ခန့်ရှိပြီး ဘန်ကာ စုစုပေါင်း ၂၇ လုံး၊ အဆောက်အအုံ ၃၂ လုံးခန့်ရှိကြောင်း သိရသည်။

ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့က ရွှေဘိုခရိုင်တပ်ရင်း – ၃၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များက ပူးပေါင်း သိမ်းပိုက်ခဲ့ပြီး BA 64 တစ်လက်၊ ကာဘိုင်လေးလက်၊ ဂျောက်ဂျက်တွဲဘောနှသ်လက်တို့ သိမ်းဆည်းရမိခဲ့သည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ