ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စခန်းများကို ဆက်လက်သိမ်းယူနေပြီး စုစုပေါင်း စခန်း ၁၄၁ ခုကို သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကွမ်းလုံမြို့ကို အပြီးတိုင်သိမ်းပိုက်ထားသည့် MNDAA နှင့် မဟာမိတ်တပ်များက ရှီးရှမ်းဒေသ၊ ရှောက်ကိုင်ရွာအုပ်စုရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် သိမ်းယူခဲ့ကြောင်း သိရသည်။

အဆိုပါတပ်စခန်းကို လက်နက်ကြီးများဖြင့် ဦးစွာပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ခြေလျင်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ကာ သိမ်းယူနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိထားသည်ဟု သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” ၏ ၁၇ ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကွမ်းလုံတံတားနှစ်ဖက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် အုပ်ချုပ်ရေးဌာနများကိုလည်းကောင်း၊ ကွမ်းလုံမြို့၏မျက်နှာချင်းဆိုင်ရှိ စစ်ကောင်စီဗျူဟာကုန်းကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ (၁၂၈) ဗျူဟာကုန်းကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီ ၅၀ မိနစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

မုံကိုးမြို့ရှိ လိုင်ကျုံစစ်ကောင်စီစခန်းကိုလည်း သိမ်းယူနိုင်ခဲ့သည့်အပြင် သိန္နီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ (၅၀၇) တပ်ရင်းစခန်းကိုလည်း တိုက်ခိုက်နေသည်ဟု MNDAA သတင်းများဖော်ပြလေ့ရှိသည့် The Kokang ဖေ့စ်ဘုတ်စာမျက်နှာက ဖော်ပြထားသည်။

သတင်း – Hkashi

ဓာတ်ပုံ – The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ