စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာတွင် ပိတ်မိနေသည့် ပြည်သူများကို နေအိမ်နှင့်ပိုင်ဆိုင်မှုများအားလုံး အပြီးအပိုင်စွန့်လွတ်ပြီးမှသာ ကျေးရွာပြင်ပသို့ထွက်ခွာခွင့်ပြုမည်ဟုပြောကြောင်း သိရသည်။

ကျေးရွာကို ဝင်ထွက်သွားခွင့်ပိတ်ထားသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို ပိုင်ဆိုင်မှုများစွန့်လွတ်ကာ ကျေးရွာမှအပြီးအပိုင်ထွက်ခွာကြောင်း လက်မှတ်ရေးထိုးပြီးမှသာ ထွက်ခွာခွင့်ပြုသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ပြန်မဝင်ပါဘူးဆိုပြီး လက်မှတ်ထိုးမှ ထွက်ခွင့်ပေးတာ။ ခြိမ်းခြောက်သလိုဖြစ်တာပေါ့ ပိုင်ဆိုင်မှုအကုန် ပစ်ထားခဲ့ရတယ် ထွက်တဲ့လူက။ ဆိုင်ကယ်တစ်စီးပဲရတယ်။ တချို့ကျတော့မထွက်ကြဘူး တချို့လည်း လက်မှတ်ထိုးပြီး ထွက်ခဲ့ကြတာပေါ့။ ဘာလို့လဲဆိုတာလည်း သူတို့(စစ်ကောင်စီ)က အကြောင်းအရာ ပေါ်တင်မပြောဘူးပေါ့နော်” ဟုဆိုသည်။

ဆယ်ဇင်းကျေးရွာတစ်ဖက်ကမ်းရှိ စစ်ကောင်စီနှင့် SNA တို့၏ တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရသည့် နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က ကျေးရွာမှထွက်ခွာခွင့်ပိတ်ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လိုသူများကိုလည်း ပိုင်ဆိုင်မှုများဖြင့် ခြိမ်းခြောက်ထားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“ဘယ်လိုပြောရမလဲဆိုတော့ ထွက်မယ်ဆိုလို့ရှိရင် ဆယ်ဇင်းမှာပိုင်ဆိုင်တဲ့ အိမ်တွေဘာတွေကိုပေးထားခဲ့ရတယ်။ မဆိုင်တော့ဘူးဆိုပြီးတော့ လက်မှတ်ထိုးခဲ့ရတယ် ပြီးရင်ပြန်ဝင်လို့ မရတော့ဘူးပေါ့။ တချို့ကကျတော့ ထွက်ချင်ပေမယ့်လည်း အခုမှဆောက်ထားတဲ့ အိမ်လေးတွေ၊ ဈေးရောင်းတဲ့သူတချို့ဆို ရင်းနှီးထားတာလေးတွေလည်းရှိတဲ့အခါကျတော့ အဲဒါတွေကိုလည်း ယူသွားပိုင်ခွင့်မရှိဘူးပေါ့။ လူပဲထွက်ခိုင်းတဲ့အခြေအနေ” ဟုဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြေပုံဆိုသူထံ ပိုင်ဆိုင်မှုများစွန့်လွတ်ကာ ကျေးရွာမှ အပြီးအပိုင်ထွက်ခွာကြောင်း လက်မှတ်ရေးထိုးပြီးပါက ဆိုင်ကယ်တစ်စီးဖြင့် တစ်ကိုယ်ရေသုံး အသုံးအဆောင်ပစ္စည်းအနည်းငယ်ယူဆောင်ကာ ထွက်ခွာခွင့်ပြုနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ယခုကဲ့သို့ပြုလုပ်နေခြင်းမှာ ဆယ်ဇင်းကျေးရွာအတွင်းရှိ စစ်ကောင်စီရဲစခန်းက ပြည်သူများကို လူသားဒိုင်းကာအဖြစ် အသုံးပြုလိုသောကြောင့်ဖြစ်ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ရွာထဲမှာပြည်သူတွေ တစ်ယောက်မှမရှိဘဲထွက်သွားရင်တော့ PDF နဲ့ KIA က သူတို့ကိုအချိန်မရွေး ဝင်တိုက် နိုင်တယ်ပေါ့။ အဲဒါကြောင့်မို့မထွက်ခိုင်းတာလို့ထင်တယ်။ လူသားဒိုင်းလုပ်ထားတာပေါ့” ဟုသုံးသပ်ပြောဆိုသည်။

ဆယ်ဇင်းကျေးရွာ တစ်ဖက်ကမ်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ SNA တပ်စခန်း လေးခုကို ကချင်လွတ်မြောက်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်က နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆယ်ဇင်း ကျေးရွာအတွင်းရှိ အသက် ၆၅ နှစ်အခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ