တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိသည့် ဖားကန့်မြို့နယ်တွင် သုံးလအတွင်း လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရသူ စုစုပေါင်း (၁၄) ဦးအထိရှိခဲ့သည်။

The 74 Media က စုစည်းထားသည့် အချက်အလက်များအရ ဩဂုတ်လမှ အောက်တိုဘာလအတွင်း လူသတ်မှု၊ လက်နက်ကိုင်ပဋိပက္ခကြောင့် သေဆုံးမှု၊ လုပ်ကြံသတ်ဖြတ်မှုနှင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိမှု (၂၂) ဦး ထက်မနည်းရှိခဲ့ပြီး လက်သည်မပေါ်ဘဲ လုပ်ကြံသတ်ဖြတ်ခံရသူ ၁၄ ဦးပါဝင်သည်။

အများစုမှာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရသူများဖြစ်ကြပြီး စစ်ကောင်စီတပ်နှင့် နီးစပ်သူအများစုဖြစ်သည်ဟု အသက် (၆၂) နှစ်ခန့်အရွယ်ရှိ မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွဲသတ်၊ နွားသတ်သလို ပုံစံမျိုးနဲ့သတ်ဖြတ်နေတာ။ ဖားကန့်မှာ လူ့အသက်တစ်ချောင်းဆိုတာ ဘာတန်ဖိုးမှ မရှိဘူးနော်။ တဖက်ကပြန်စဉ်စားကြည့်မယ်ဆိုလည်း အသတ်ခံရတဲ့သူအများစုက စစ်တပ်နဲ့ မကင်းတဲ့သူတွေဘဲ” ဟုပြောသည်။

အဆိုပါ ၂၂ ဦးတွင် လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိသူ (၁၄) ဦး၊ အချင်းချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုကြောင့်သေဆုံးသူနှစ်ဦး၊ စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့်သေဆုံးသည့် ဒေသခံပြည်သူတစ်ဦး၊ လက်နက်ကြီးစထိမှန်သောကြောင့် သေဆုံးသူတစ်ဦး၊ တိုက်ပွဲဖြစ်ပွားနေချိန် ကျည်ထိမှန်သေဆုံးခဲ့သူတစ်ဦး၊ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် KIA တပ်ဖွဲ့ဝင်တစ်ဦးနှင့် ဆေးရုံနှင့်ဆေးခန်းတွင် ပစ်ခတ်ခံရသောကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးတို့ ပါဝင်သည်။

လူသတ်မှု၊ လက်နက်ကိုင်ပဋိပက္ခကြောင့်သေဆုံးမှု၊ လုပ်ကြံသတ်ဖြတ်မှုနှင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိမှုများမှာ ပြီးခဲ့သည့် အောက်တိုဘာလတွင် ခုနှစ်ဦး၊ စက်တင်ဘာလတွင် ခုနှစ်ဦးနှင့် ဩဂုတ်လတွင် ရှစ်ဦးအထိရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လကလည်း ပစ်ခတ်သတ်ဖြတ်ခံရသူ သုံးဦးနှင့် တိုက်ပွဲကြောင့် ကျည်ထိမှန်သေဆုံးခဲ့သူ တစ်ဦး စုစုပေါင်းလေးဦးအထိရှိခဲ့ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်မြို့နယ်သည် မြန်မာနိုင်ငံအတွင်း လူသတ်မှု၊ လုပ်ကြံသတ်ဖြတ်မှုနှင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိမှု အများဆုံးသော မြို့နယ်ဖြစ်ပြီး စကားများရန်ဖြစ်ရာတွင်လည်း သတ်ဖြတ်မှုများရှိပြီဖြစ်သည်။

သတင်း – Nann

သင့်ထင်မြင်ချက်ရေးပေးပါ