တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ယမန်နေ့ညနေ ၆ နာရီခန့်က ကွတ်ခိုင်မြို့နယ်မှ အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲသံများကြားနေရသောကြောင့် ဗုံးခိုကျင်းသို့သွားရန် ရပ်နေချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် မောဟစ်ကျေးရွာမှ အမျိုးသမီးတစ်ဦး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်မတို့အိမ်နဲ့နီးနီးလေးပဲလေ အိမ်ကိုမြေကြီးတွေသဲမှုန့်တွေတောင်လာကျတယ်။ သူတို့အိမ်က နှစ်ထပ်အိမ်၊ လက်နက်ကြီးသံတွေကြားတော့ သူကအိမ်ထဲနေရင်ကောင်းမလား ကတုတ်ကျင်းကိုသွားရင်‌ ကောင်းမလားဆိုပြီး ရပ်နေတဲ့အချိန်မှာ လက်နက်ကြီးက သူ့နားလာကျတာ” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ညာဘက်ခြေသလုံးရိုး ကျိုးကြေဒဏ်ရာ၊ ဘယ်ဘက်ညိုသကျည်း လက်နက်ကြီးစထိမှန်ဒဏ်ရာနှင့် ပါးတွင် လက်နက်ကြီးစ စိုက်ဝင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဦးဇော်အောင်က ပြောသည်။

“သူရပ်နေ့တဲ့ဘေးမှာကိုလာကျတော့ ဒဏ်ရာတွေတော့ပြင်းတယ်ပေါ့။ ခြေထောက်တွေကျိုးသွားပြီ၊ လက်နက်စတစ်ခုက ညာဘက်ပါးမှာအနက်ကြီးစိုက်ဝင်သွားတော့ အခြေအနေတော့ဆိုးပါတယ်။ သွေးတွေလဲလိုနေတယ်” ဟု ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသက် (၃၆) နှစ်ခန့်အရွယ်ရှိ ဒေါ်ရွယ်ဂျာဆိုသူမှာ လက်ရှိ ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုများစွာရှိခဲ့ကြောင်း သိရသည်။

ယနေ့တစ်ရက်အတွင်း စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၂၄၁)၊ (၂၄၂)နှင့် လွယ်ဆိုင်အမြောက်တပ်ကြီးက ယနေ့နံနက်ပိုင်း ၁၁ နာရီခွဲခန့်တွင်တစ်ကြိမ်၊ ညနေ့ ၃ နာရီခွဲခန့်တွင်တစ်ကြိမ်နှင့် ညနေ ၆ နာရီခန့်တွင်တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ကြိမ်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ဈေတန်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

သတင်း – Zami

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ