ဗန်းမောက်မြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ခိုက်ခံရမှုတွင် အရာရှိ သုံးဦးအပါအဝင် စုစုပေါင်း ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Banmauk Revolution (BR) က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
မြစ်သေးချင်းကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေခံပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့က ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ သုံးပွင့်ဗိုလ်နှင့် နှစ်ပွင့်ဗိုလ်နှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင်များကို ထောက်ပံ့ထားသည့် လက်နက်စာရင်းစာအုပ်လည်းပါဝင်ကြောင်း ရေးသားဖော်ပြထားသည်။
အနောက်တောကျေးရွာအနီးရှိ SNA တပ်စခန်းတစ်ခုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး AK 47 သုံးလက်၊ 60 mm တစ်လက်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ဗန်းမောက်မှ အင်းတော်မြို့သို့ စစ်အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီနှင့် SNA ပူးပေါင်းစစ်ကြောင်း တုံစီကျေးရွာနှင့် မြသီတာကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးများရှိကြောင်း သိရသည်။
ဗန်းမောက်မြို့တွင် စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ ခြေမြန်တပ်ရင်း ခ.မ.ရ (၈) နှင့် SNA တပ်ဖွဲ့ဝင်များအပါအဝင် ပျူစောထီးတပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲနေထိုင်လျက်ရှိကြောင်းသိရသည်။
သတင်း – Thu Ta
သင့်ထင်မြင်ချက်ရေးပေးပါ