ကရင်နီပြည်နယ်တွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းကို ယနေ့ညနေပိုင်းတွင် ဖရူဆိုမြို့အနီး တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီစစ်မျက်နှာပြင်တွင် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၏ ဥက္ကဋ္ဌ ဦးခွန်ဘီထူးက The 74 Media ကို အတည်ပြုသည်။

“ကျွန်တော်တို့ ဒီညနေခင်း ၅ နာရီလောက်မှာ လေယာဉ်ဝဲတဲ့အချိန်မှာပဲ ကျွန်တော်တို့ ပွိုင့်ဖိုက် (.၅ မမ စက်သေနတ်ကြီး) တွေနဲ့ ပစ်ခဲ့တယ်။ လေယာဉ်ပျံသန်းစဉ်ကတည်းကပေါ့နော် ထိချက်တွေရှိပြီးမှ မီးခိုးတွေအူတာကို ကျွန်တော်တို့တွေ့ရတယ်။ အကြမ်းဖျင်းကတော့ လေထီးခုန်ချခဲ့တယ်။” ဟု ပြောသည်။

ပစ်ချလိုက်သည့် တိုက်လေယာဉ်သည် ဖရူဆိုမြို့အလယ်ခန့်ဟုဆိုရမည့်နေရာတွင် ပျက်ကျသွားပြီး လေယာဉ်ပစ်ချသည့်အခြေအနေကို အတည်ပြုထားသည်ဟု သူက ဆိုသည်။

လေယာဉ်ပျက်ကျသည့်ကျေးရွာကို လက်ရှိအခြေအနေတွင် လုံခြုံရေးအခြေအနေအရ ပြောပြရန် အဆင်မပြေသေးကြောင်း သူက ဆိုသည်။

“ကျသွားတဲ့ကျေးရွာနဲ့ မြေပြင်အခြေအနေကို ကျွန်တော်တို့ပြောလို့မရသေးဘူး။ ကျေးရွာရဲ့ လုံခြုံရေးအတွက်ပေါ့နော်” ဟုဆိုသည်။

ပစ်ချခံရသည့် တိုက်လေယာဉ်အမျိုးအစားနှင့် လေသူရဲများ၏နောက်ဆုံးအခြေအနေကို သိရှိနိုင်ရန် The 74 Media က ဆက်လက်စုံစမ်းနေသည်။

စစ်ကောင်စီတပ်၏ လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များကို ပစ်ချနိုင်သည့်ဖြစ်စဉ်များသည် ရှားရှားပါးပါးဖြစ်စဉ်များဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလကလည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်၏ Mil Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ပစ်ချခဲ့ဖူးသည်။

သတင်း – Hkashi

ဓာတ်ပုံ – 1) စစ်ကောင်စီတပ်၏ Yak 130 အမျိုးအစားတိုက်လေယာဉ် (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ