ကန့်ဘလူမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီခန့်က စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့မှ ထွက်လာသော အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို ချပ်သင်းကျေးရွာအကျော်တွင် စောင့်ကြိုတိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ကန့်ဘလူမြို့နယ်သတင်း IO ကိုကေက The 74 Media ကိုပြောသည်။

“မိုင်းဆွဲတိုက်ခိုက်တာမဟုတ်ဘူး။ အဲ့နေရာကတိုက်ခိုက်ဖို့ တော်တော်ကောင်းတာကိုး သစ်ပင်ကြီးတွေ ဘာတွေလည်းရှိတယ်ဆိုတော့ ခြုံခိုတိုက်လိုက်တာ”ဟုပြောသည်။

အဆိုပါစစ်ကြောင်းတွင် ပျူစောထီးအဖွဲ့ဝင်များ ပိုမိုများပြားပြီး လက်နက်ချထွက်ပြေးသွားသူများနှင့် အရှင်ဖမ်းမိထားသူများလည်း ပါဝင်ကြောင်း ကျွန်းလှမြို့နယ်သတင်း IO ကိုမင်းသူက ပြောသည်။

“တိုက်ပွဲကတော်တော်ကြာကြာဖြစ်လိုက်တယ်။ အဲ့အဖွဲ့မှာက ပျူတွေကများတယ်ဆိုတော့ လက်နက်ချပြီး ထွက်ပြေးတဲ့သူတော့ပြေး၊ သေတဲ့ကောင်ကလည်းသေ၊ အရှင်ဖမ်းမိတဲ့သူလည်း ၅၀လောက်တော့ရှိပြီ။ လက်နက်ကလည်း ၁၀၀ ကျော်လောက်ရထားတယ်။ သူတို့ပစ်ချထားပြီး ထွက်ပြေးသွားတဲ့ဟာတွေကို လိုက်ကောက်တာလည်းပါတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲအတွင်း သေဆုံးသူများနှင့် သိမ်းဆည်းရမိသောလက်နက်များကို စိစစ်နေဆဲဖြစ်သောကြောင့် စာရင်းအတိကျ မသိရှိနိုင်သေးကြောင်း သူကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းရွာသစ်အနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီးတပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်း သေဆုံးသွားကြောင်းခဲ့ရသည်။

သတင်း – Dureng

ပုံ – Ministry of Defence – National Unity Government of Myanmar

သင့်ထင်မြင်ချက်ရေးပေးပါ