“၁၀၂၇ စစ်ဆင်ရေး” နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်နေသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တရားဝင်သတင်းနှင့် ပြန်ကြားရေးဖေ့ဘုတ် လူမှုကွန်ယက်စာမျက်နှာ ယာယီကန့်သတ်ခံထားရပြီး အမည်တူ စာမျက်နှာအတုများ တပြိုင်နက်တည်းထွက်ပေါ်လာနေကြောင်းသိရသည်။

Operation 1027- 3BHA အမည်ဖြင့် စာမျက်နှာတွင် တိုက်ပွဲသတင်းထုတ်ပြန်ခြင်းကို ယာယီကန့်သတ်ခံထားရချိန် Operation 1027 (Northern Alliance) အမည်ဖြင့် စာမျက်နှာအသစ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း 3 Brotherhood Alliance (AA+MNDAA+TNLA) တယ်လီဂရမ်ချန်နယ်တွင် ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” နှင့်ပတ်သက်သည့်အချက်အလက်များနှင့် တိုက်ပွဲသတင်း ထုတ်ပြန်ချက်များကို တယ်လီဂရမ်ချန်နယ် https://t.me/threebrotherhoodalliance  တွစ်တာစာမျက်နှာ https://twitter.com/operation1027 နှင့် ဗီကေစာမျက်နှာ https://vk.com/mndaa_tnla_aa ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်စွဲထားသည့် ကိုးကန့်၊ တုန်းရှမ်းဒေသ၊ ရှီယွင်ကြည်ကျေးရွာအနီးရှိ “ဟဲ့ဟုတ်တောင်စခန်း”နှင့် ဗျူဟာကုန်းအနောက်ဘက်ရှိတောင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး “ကွမ်းလုံမြို့” ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေကြောင်းသိရသည်။

လက်ရှိအချိန်တွင် စစ်ဆင်ရေးပစ်မှတ်များထဲမှ တစ်ခုဖြစ်သော “လောက်ကိုင်မြိုသိမ်းတိုက်ပွဲ” နှင့် ” ကွမ်းလုံမြိုသိမ်းတိုက်ပွဲ” အတွက် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး မဟာဗျူဟာမြောက်ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိသော စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်နှင့် ဆက်စပ်နေသော နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်ဟု နောက်ဆုံးစစ်ရေးသတင်းအဖြစ် ထုတ်ပြန်ထားသည်။

သတင်း – Nann

သင့်ထင်မြင်ချက်ရေးပေးပါ