မင်းကင်းမြို့နယ်မှ စုန်ဆင်းလာသော စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောအားလုံးကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုင်ဝင်ဘာလ ၄ ရက်နေ့က စုန်ဆင်းလာသော သင်္ဘောခုနှစ်စီးမှ နှစ်စီးကို နိုဝင်ဘာလ ၆ ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယမန်နေ့ကကျန်ငါးစီးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ အင်တိုက်အားတိုက် ထိုးစစ်ဆင်ဝင်တိုက်ပြီးတော့ သိမ်းပိုက်ထားတာ။ အဲ့သင်္ဘောက မင်းကင်းကနေစုန်လာတာ တစ်ပတ်ကျော်ပြီ။ ပထမဆုံးရလိုက်တဲ့ သင်္ဘောတွေကတော့ ဘာမှမပါဘူး မြင်းတွေပဲပါတာ။ အခုဖမ်းမိတဲ့ဟာတွေတော့ ပစ္စည်းအစုံပါတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် သင်္ဘောပေါ်ပါရှိသည့် ပစ္စည်းများကို လိုအပ်သလိုလုပ်ဆောင်ပြီး စိစစ်နေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။

အဆိုပါသင်္ဘောများမှ သစ်အလုံးအရေ ၂၀၀၊ ဒီဇယ်ပေပါ ၁၀၀ ကျော်၊ သစ်တင် ၁၂ ဘီးကားနှစ်စီး၊ ဆိုင်ကယ် ၁၅ စီး၊ မြင်းနှစ်ကောင်၊ ရေတင်စက်များနှင့် အခြားပစ္စည်းအမြောက်အများကို သိမ်းဆည်းရရှိထားကြောင်း ကနဦးသိရသည်။

လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့နေသော ဓာတ်ပုံများအရ သိမ်းဆည်းရမိထားသော ပစ္စည်းများတွင် ဘက်ဟိုးကားတစ်စီးနှင့် မြေကော်ကားတစ်စီးလည်းပါဝင်သည်ကို တွေ့ရသည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီသင်္ဘောခုနှစ်စီးကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ