တနိုင်းမြို့နယ်၊ နန်ဖြတ်ယာန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၆ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား – တနိုင်းလီဒိုလမ်းမပေါ်ရှိ အင်အား ၉၀ ခန့်ဖြင့်တပ်စွဲထားသော စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၉၀) တပ်စခန်းကို KIA တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲကတော့ ပြီးပြီ။ နန်ဖြတ်ရွာက ရော်ဘာခြံမှာဟုတ်တယ်။ အဲ့ဒီစခန်းက လက်နက်ကြီး၊ သံချပ်ကာကားတွေ ရှိတာ၊ တပ်ရင်းဟုတ်တယ်။ အခြေအနေတော့ အတိအကျ မသိရသေးဘူး” ဟု ပြောသည်။

KIA တပ်မဟာ ၂ တပ်ရင်း ၄၃ တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူ ၁၀၀ ကျော်ခန့်က နောင်းလုံကောင်ရာကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း အသက် ၄၃ နှစ်ခန့်အရွယ်ရှိ နောင်းလုံကောင်ရာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီမနက် ရော်ဘာခြံနားမှာ တိုက်ပွဲဖြစ်တော့ နှစ်ခြင်းအသင်းသူ၊ အသင်းသားတွေ တခြားအဖွဲ့အစည်းတွေရော အများကြီးပဲ။ အကုန်လုံး ဘုရားကျောင်းထဲမှာ ရောက်နေပြီ။ မနက်စာစားဖို့ ပြင်ဆင်နေတာ” ဟုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာရှိ KIA ၏ ကနွယ်တူတပ်စခန်းကို စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon, Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ