မိုးမောက်မြို့ ကြံခင်းကျေးရွာ ရာအိမ်မှူး ယမန်နေ့နံနက် ၉ နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

ကြေးနန်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့အချိန် ပစ္စတိုနဲ့ဝင်ပစ်သွားတယ်လို့ကြားတယ်” ဟုပြောသည်။

ရာအိမ်မှူး ဦးစိုးနိုင်မှာ ဦးခေါင်းတွင် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်းတစ်ဦးလည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကြေးနန်းရပ်ကွက် မန်ပုံ IDP Camp အရှေ့က လက်ဖက်ရည်ဆိုင်မှာ ပစ်သတ်ခံရတာ။ အပစ်ခံရတဲ့ ရာအိမ်မှူးကတော့ သေသွားတယ်။ နောက်လက်ဘက်ရည်ဆိုင်မှာရှိတဲ့ အကူတစ်ယောက်ကတော့ ခြေထောက်မှန်သွားတယ်” ဟုပြောသည်။

လာရောက်ပစ်ခတ်သွားသူမှာ စစ်ကောင်စီတပ်ရှိရာသို့ ထွက်ပြေးသွားပြီး မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခံရခြင်းဖြစ်သည်ကို မသိကြောင်း ဒေသခံတစ်ဦးက‌ပြောသည်။

“ပစ်သတ်တဲ့သူက ဒီစစ်တပ်လမ်းဘက်ကို ထွက်ပြေးသွားတယ်လို့ပဲ သိရတယ်။ ဘာကြောင့်အသတ်ခံရတယ်ဆိုတာ အတိအကျတော့ မသိရသေးဘူး။ သူက စစ်ကောင်စီဘက်က လူတွေနဲ့လည်း အရမ်းပေါင်းတယ်စကားတော့ အရမ်းပြောတာ ဟုတ်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ကလည်း ကြေးနန်းရပ်ကွက်နှင့် ကြံခင်းကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Thu Ta, Pan soon, Zami

သင့်ထင်မြင်ချက်ရေးပေးပါ