မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာရပ်ကွက်နှင့် နေရာအချို့တွင် ယမန်နေ့က KIA နှင့် PDF အလိုမရှိကြောင်း လူစုလူဝေးပြုလုပ်ကာ မြို့ခံပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့သယောင် စစ်ကောင်စီထောက်ခံသူများ ဝါဒဖြန့်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ မြို့အဝင်ဆိုင်းဘုတ်နှင့် လေဆိပ်အရှေ့တွင် ယမန်‌နေ့က KIA နှင့် PDF အလိုမရှိကြောင်း ရေးသားထားသည့် ကတ်ထူပြား၊ မြန်မာနိုင်ငံအလံနှင့် စစ်တပ်(ကြည်း) အလံများ ကိုင်ဆောင်ကာ လူ ၂၀ ဝန်းကျင်ဖြင့်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အဆိုပါဆန္ဒပြပွဲများတွင် မည်သူမည်ဝါပါဝင်သည်ကို အသေးစိတ်မသိရသော်လည်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များနှင့် သတင်းဌာနများက ဓာတ်ပုံများကိုဝေဝေဆာဆာဖော်ပြကာ ဒေသခံများ KIA ကိုဆန္ဒပြဆန့်ကျင်ကြောင်း ရေးသားခဲ့ကြသည်။

မန္တလေး – စစ်ကိုင်း ဧရာဝတီတံတား(ရတနာပုံ)တွင်လည်း ယမန်နေ့က တပ်ထောက်ခံသူ ၃၀ ခန့် တံတားကိုခေတ္တပိတ်ဆို့ကာ KIO/KIA အလိုမရှိကြောင်း ဆန္ဒပြမှုများပြုလုပ်ခဲ့ရာ ရဲနှင့် စစ်သားများပါဝင်ခဲ့သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဝင်ရှိ အေးမြသာယာရပ်ကွက် အောင်ဇေရန်အောင်ဘုရားအနီးတွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က “ပြည်သူချဉ်ဖတ် KIA အလိုမရှိ”၊ “အကြမ်းဖက်လူသတ်သမား KIA အလိုမရှိ”၊ “တပ်မတော်၏ ရပ်တည်ချက်များကို ထောက်ခံပါသည်” ဟု ဆိုင်ဘုတ်များကိုင်ကာ ဆန္ဒပြမှုပြုလုပ်ခဲ့ကြသည်။

သတင်း – Nann

သင့်ထင်မြင်ချက်ရေးပေးပါ