အင်းတော်တွင် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့မှ အင်းတော်သို့ စစ်အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကို တုံစီကျေးရွာနှင့် မြသီတာကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက The 74 Media ကိုပြောသည်။

“နေ့လယ်ကနေစပြီးဖြစ်နေတယ်။ လောလောဆယ်ထိတော့ ဘာမှအတိအကျတော့ ပြောလို့မရသေးဘူးပေါ့။ ကိုယ့်ဘက်ကတော့ လက်ဦးတယ်လို့ပဲ ပြောလို့ရမှာပေါ့နော်” ဟုဆိုသည်။

အင်အား ၈၀ ခန့်ပါရှိသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ယနေ့ည ၇ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားနေပြီး အင်းတော်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်းမှလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူနေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ထို့အပြင် အင်းတော်မြို့အတွင်းရှိ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များက စစ်ကောင်စီဗျူဟာကုန်း ဒေသအခေါ် ဂျပန်လှိုဏ်ဂူသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး ပြည်သူအချို့က မြို့ကိုစွန့်ခွာ‌လျက်ရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ပြည်သူတွေကတော့ နေ့တိုင်းလိုလို အလျိုလျိုထွက်နေကြတယ်ဗျ။ ဆိုင်တွေလည်းပိတ်ထားတယ်။ အင်းတော်မြို့ထဲမှာတော့ လူသွားလူလာကို တော်တော်လေးကိုကြဲသွားတယ်။ တချို့ကလည်း မြစ်ကြီးနား၊ တချို့လည်း မန္တလေးဘက်တွေ ပြောင်းကုန်ကြတယ်ဗျ” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း မြို့အတွင်းရှိ အထပ်မြင့်နေအိမ်အဆောက်အဦးများပေါ်တွင် နေရာထူထားကြပြီး လက်နက်ကြီးများပါတပ်ဆင်ထားကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ကစပြီး အင်းတော် – ကသာ ကားလမ်းပိုင်းကိုလည်း စစ်ကောင်စီက ပိတ်ထားကြောင်း ကသာမြို့ခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကသာကို ဝင်တိုက်မယ်ကြားတော့ ရဲတွေ ထွက်ပြေးတဲ့သူက ထွက်ပြေးတယ်တဲ့။ သူတို့မိသားစုတွေကတော့ စစ်တပ်ထဲသွားနေတယ်။ ရုံးတွေ၊ ဘဏ်တွေလည်းပိတ်သွားပြီ ရက်အကန့်သတ်မရှိ။ ဈေးတွေလည်းပိတ်ထားတယ်။ အခုလမ်းမှာလည်း လူတစ်ယောက်မှမရှိဘူး” ဟုဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြွေးကြော်ထားပြီး ယနေ့မွန်းလွှဲပိုင်းက တိုက်ပွဲစတင်ဖြစ်ပွားနေသည့် အင်းတော်မြို့နှင့် ၁၇ နှစ်မိုင်ခန့်အကွာရှိ ကသာမြို့တွင်လည်း စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် ဈေးဆိုင်များအားလုံးနီးပါးပိတ်ထားကာ စစ်ကောင်စီမိသားစုဝင်များကလည်း တပ်အတွင်းသို့ ပြောင်းရွှေ့နေထိုင်နေကြသည်။

တော်လှန်ရေးပူးပေါင်းတပ်များကလည်း တကောင်း – ထီးချိုင့် – အင်းတော်လမ်းပိုင်းကို စစ်ရေးအရ နယ်မြေတည်ငြိမ်သည်အထိ ယာဉ်အသွားအလာများ ပိတ်ထားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက အသိပေးထုတ်ပြန်ခဲ့သည်။

အင်းတော်မြို့နယ် ဒေသအခေါ် မိုက်ခရိုဝေ့လမ်းဆုံအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့ကလည်း နန့်မကျိုင်ကျေးရွာသို့ စစ်ကြောင်းထိုးထာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က တစ်နာရီခွဲခန့်ကြာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကာ ပြည်သူတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ