ထီးချိုင့်မြို့အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် Mi – 35 နှင့် တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“ဗုံးချပစ်နေတာ မြို့ထဲမှာ။ ကျွန်တော်တို့ကတော့ မြို့ထဲထိရောက်ပြီ။ မြို့ကအောက်မှာ မြို့ရဲ့ခေါင်းရင်းမှာတောင် သူတို့က တောင်လေးတောင်လောက်ကိုယူထားတာ။ ပတ်ပတ်လည်တော့ကျွန်တော်တို့ စီးမိထားပြီလို့ ပြောရမှာပေါ့” ဟုဆိုသည်။

စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းများတည်ရှိရာ မြသိန်းတန်တောင်၊ ရွှေဂူတောင်၊ လျောင်းတော်မူတောင်နှင့် ဒေသအခေါ် မိုက်ခရိုဝေ့တောင်များတွင် အခိုင်အမာတပ်စွဲထားပြီး ထိုနေရာများမှ လက်နက်ကြီးများဖြင့် မြို့အတွင်းသို့ ပစ်ခတ်နေကြောင်း သိရဿည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် ထီးချိုင့်မြို့နှင့် ရှစ်မိုင်ခန့်အကွာရှိ တောမကျေးရွာမှ ဒေသခံအချို့နှင့် နေအိမ်ထိခိုက်ပျက်စီးမှုများရှိကြောင်း သူကဆက်ပြောသည်။

“စောစောက တောမစာသင်ကျောင်း၊ အိမ်တွေပေါ် ဂျက်ဖိုက်တာနဲ့ပစ်သွားတယ်။ အဲဒီမှာကလေးမလေး တစ်ယောက်ထိတယ်။ ထီးချိုင့်အနောက်ခြမ်းက ဘာတိုက်ပွဲမှမရှိဘူး လာပစ်သွားတာ” ဟုဆိုသည်။

တိုက်ပွဲပြင်းထန်နေသောကြောင့် အင်းတော် – ထီးချိုင့် – တကောင်း လမ်းပိုင်းကို စစ်ရေးအရ ယာဉ်ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲပြင်းထန်နေသောကြောင့် မန္တလေးဘက်သို့ရှောင်တိမ်းလိုသည့် အိမ်စီးကားများကို ထွက်ခွာခွင့်ပြုထားကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လမ်းပိတ်ထားတာဟုတ်ပါတယ်။ နေရာပြောင်းရွေ့လိုတဲ့ အိမ်စီးကားတွေကိုတော့ မန္တလေးဘက်ကို သွားခွင့်ပေးထားပါတယ်။ မိမိတို့တပ်ဖွဲ့က မြေပြင်ပြည်သူတွေ အန္တရာယ်ဖြစ်မှာစိုးရိမ်တဲ့အတွက် ခေတ္တ ပိတ်ထားခြင်းသာဖြစ်ပါတယ်။ အခုလည်း မန္တလေးဘက်ကို ကားတွေနဲ့ပြောင်းနေကြတာပါ” ဟုပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြွေးကြော်ထားပြီး ကောလင်းမြို့ကိုလည်း သိမ်းပိုက်ထားသောကြောင့် ထီးချိုင့်မြို့ရှိ စစ်ကောင်စီရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးများအားလုံး ပိတ်ထားပြီး ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်သွားကြပြီးနောက် ယမန်နေ့က စတက်ကာ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ထီးချိုင့်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကစတင်ကာ ရက္ခိုင့်တပ်တော် (AA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ ဦးဆောင်ကာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta၊ Dureng

သင့်ထင်မြင်ချက်ရေးပေးပါ