ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက အနီးရှိကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရသည်။

အင်အား ၁၀၀ ကျော်ခန့်ဖြင့် ပုလဲမြို့နယ်မှထွက်လာသော ကား ၁၈ စီးပါ စစ်ကောင်စီယာဉ်တန်းက လက်တောင်းငယ်ကျေးရွာကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ချင်းတွင်းရိုးမ မြေပြင်သတင်းထောက် ကိုမြတ်ကိုက The 74 Media ကိုပြောသည်။

“ရှေ့ပွိုင့်ထွက်လာတဲ့ကောင်တွေကို မိုင်းဆွဲလိုက်တော့ကျ မိသွားတော့ မီးရှို့သွားတာ။ ရွာလုံးကျွတ်နီးပါလို့ ပြောလို့ရတယ်။ ရွာကပြန်ဝင်လို့မရသေးဘူး အကုန်မီးထဲပါသွားတယ်ဆိုတော့။ အခုခါက ရှင်းလင်းရေး ဆက်ဝင်နေတုန်းရှိသေးတယ်။ တခြားနီးစပ်ရာကျေးရွာတွေမှာ ရှောင်တိမ်းနေရတဲ့သဘောပေါ့” ဟုပြောသည်။

အိမ်ခြေ ၆၃ အိမ်သာရှိသည့် ကျေးရွာမှ အိမ်ခြေ ၅၀ ခန့်မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေချိန် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“သူတို့(စစ်ကောင်စီ)က ယင်းမာပင်က ထွက်မလိုလို၊ မထွက်ဘူးလိုလို ဖြစ်နေကြတာ။ လောလောဆယ်လည်း ရှောင်နေကြရတာပေါ့။ ယာယီနေထိုင်လို့ရအောင်ပဲဆောက်ကြတာလေး အရင်တုန်းကလို အိမ်ကြီးအိမ်ကောင်းတွေမဆောက်ကြတော့ဘူး။ ဆောက်လို့လည်းမရဲဘူး မီးပြန်ရှို့ခံရမှာ စိုးရိမ်နေကြတယ်” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ လက်ရှိ ယင်းမာပင်မြို့ပေါ်သို့ရောက်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ နှစ်ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ ကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သောကြောင့် အိမ်ခြေ ၇၈၀ ခန့်မီးလောင်ပျက်စီးခဲ့ရသည်။

လက်တောင်းငယ်ပါဝင်သော လည်ငေါက်ကျေးရွာအုပ်စုတွင် ကျေးရွာနှစ်ရွာပါဝင်ကာ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု လေးရာကျော်ခန့်ရှိပြီး လူဦးရေ နှစ်ထောင်ခန့်နေထိုင်သည်။

သတင်း – Dureng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ