မြစ်ကြီးနား – ဆွမ်ပရာဘွမ်သွားလမ်းတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ဂိတ်ဖွင့်လှစ်ကာ စစ်ဆေးနေခြင်းမဟုတ်ဘဲ ခရီးသွားကားများကို အဓိကထားစစ်ဆေးနေခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းထိုင်နေသလိုတော့မဟုတ်ဘူး။ ည ၆ နာရီကနေဘယ်သူမှဖြတ်သန်းသွားလာလို့မရတော့ဘူးတဲ့။ စစ်ဆေးတာလည်းသတင်းနားထောင်ပြီးစစ်ဆေးတာတွေလုပ်တယ်ထင်တယ်။ ကျွန်တော်တို့ကိုတော့ မစစ်ဘူး ဆိုင်ကယ်နဲ့ဆိုတော့” ဟုပြောသည်။

KIA တပ်ရင်း (၄) က နိုဝင်ဘာလ ၂ ရက်နေ့မှစတင်ကာ စစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်သည့် ပစ္စည်များတင်ဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်ကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်ကောင်စီကို အဓိကစစ်ဆေးတာဟုတ်တယ်။ ခရီးသွားတွေကို ဒုက္ခပေးတာမဟုတ်ဘူး။ တခြားကြေညာထားတာတော့ မရှိဘူး” ဟုပြောသည်။

မြစ်ကြီးနား – ပူတာအိုလမ်းကို ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း မော်တော်ယာဉ်သွားလာခြင်း၊ စစ်နှင့်ပတ်သက်သည့် ပစ္စည်းများတင်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးတင်ဆောင်ခြင်း များမပြုလုပ်ရန်နှင့် ကုန်တင်ကားများတွင် မိုးကာအကြည်သာအုပ်ရန် သတိပေးထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ဆွမ်ပရာဘွမ်မြို့နယ်၊ ဒရူခကျေးရွာတံတားရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။ (ပြီးခဲ့သည့် မတ်လက မြစ်ကြီးနား – ပူတာအိုလမ်းတွင် KIA နှင့် PDF တပ်ဖွဲ့ဝင်များက ကားများကို စစ်ဆေးနေပုံ)

သင့်ထင်မြင်ချက်ရေးပေးပါ