ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယနေ့ မွန်းလွှဲ ၃ နာရီခွဲခန့်ကစတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့က ထီးချိုင့်မြို့မြောက်ဖက် မြို့အဝင်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို  စတင်ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 media ကို ပြောသည်။

“မြို့ရဲ့မြောက်ဖက်အစပေါ့ဗျာ မြို့အဝင်ပေါ့။ မြို့ထဲမှာက လူတွေမရှိတော့ စစ်ကောင်စီတွေက အိမ်ခေါင်မိုးပေါ်တွေတက်ပြီးတော့ နေရာတွေယူထားကြတာ။ အခုက ဂျက်ဖိုက်တာ နှစ်စီးနဲ့ လှည့်ပစ်နေတယ်” ဟုဆိုသည်။

ထိတွေ့တိုက်ပွဲ တစ်နာရီခန့်အကြာ ဖြစ်ပွားခဲ့ပြီးနောက် မွန်းလွှဲ ၄ နာရီခွဲခန့်က စစ်ကောင်စီက ဂျက်ဖိုက်တာသုံးစီးဖြင့် လာရောက်ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ထီးချိုင့်ဘက်မှာ စကစတွေလေကြောင်းသုံးတိုက်ခိုက်အတွက် သံဃာတော်နဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရ တယ်ဆိုတာဟုတ်ပါတယ်။ ကြက်သွန်ခင်းအနောက်ကုန်း ရွှေဂူတောင်နဲ့ လျောင်းတော်မူကျောင်းတိုက်တို့ကို ပစ်မှတ်ထား ဗုံးကျခဲ့တာ” ဟုပြောသည်။

စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နဝရတ်ရပ်ကွက်တွင် အိမ်စောင့်အဖြစ်ကျန်ရှိနေသည့် ဒေသခံ ပြည်သူနှစ်ဦး သေဆုံးခဲ့သည်ဟုကနဦးသိရပြီး အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ပြည်သူ့ကာကွယ်ရေး PDF မဟာမိတ်ပူးပေါင်းအဖွဲ့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်‌ကြောင်းသိရသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းကလည်း ရွှေဂူတောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက  တောင်ခြေရှိ တယ်တောကျေးရွာသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် နေအိမ်တစ်လုံး မီးလောက်ပျက်စီးခဲ့ကြောင်း သူကဆက်ပြောသည်။

“ပိုက်ဆံလေး သိန်း ၂၀ လောက်နဲ့ခင်းကြတာပေါ့ဗျာ။ ကထိန်ခင်းလို့လည်းပြီးရော လက်နက်ကြီးနဲ့ ပစ်တော့ ဘုန်းကြီးခမည်းတော်အိမ်ကိုကျတယ်။ အကုန်လုံးတော့လောင်သွားပြီ။ အဲဒီဘက် PDF တွေရှိတယ်ဆိုပြီးတော့ နေ့နေ့ညညထုနေတာ” ဟုဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြွေးကြော်ထားပြီး ကောလင်းမြို့ကိုလည်း သိမ်းပိုက်ထားသောကြောင့် ထီးချိုင့်မြို့ရှိ စစ်ကောင်စီရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးများအားလုံး ပိတ်ထားပြီး ဝန်ထမ်းများလည်း ကြိုတင်ထွက်ပြေးတိမ်းရှောင်သွားကြသည်။

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဖက် တောင်ရိုးတစ်လျှောက်တွင် ပြီးခဲ့သည့် ရသတ္တပတ်ခန့်ကလည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့က ကြက်သွန်ခင်းကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်။

သတင်း – Thu Ta၊ Dureng

သင့်ထင်မြင်ချက်ရေးပေးပါ