ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် ဆယ်ဇင်းကျေးရွာတစ်ဖက်ကမ်းရှိ ဟုမ္မလင်းတွင် ယနေ့ နံနက် ၃ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု ဆယ်ဇင်းကျေးရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သံယောဇဉ်စခန်းကုန်း SNA စခန်းကို သိမ်းလိုက်ပြီ။ သုံးနေရာဝင်တိုက်တယ် ဒါပေမယ့်နှစ်ခုတော့သိမ်းလိုက်ပြီ။ ပင်ချယ်စစ်တပ်နဲ့ သံယောဇဉ် SNA စစ်တပ်။ PDF နဲ့ KIA စုပေါင်းတိုက်တာ။ မနက် ၃ နာရီကနေတိုက်တာ ၅ နာရီလောက်ကျတော့ သိမ်းနိုင်သွားပြီ။ ရွှေတွင်းမှာက တိုက်နေတုန်း။ ရွှေတွင်းက SNA စခန်း” ဟုပြောသည်။

အဆိုပါတိုက်ပွဲတွင် ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုများကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိအချိန် ရွှေတွင်းကျေးရွာအနီးတွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဆယ်ဇင်းကျေးရွာအဝင် အထွက်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက ပိတ်ထားသဖြင့် ဒေသခံပြည်သူများ ပိတ်မိနေကြောင်း သူကဆက်ပြောသည်။

“ဆယ်ဇင်းရွာအဝင်အထွက်ကိုက ရဲတွေပိတ်လိုက်ပြီ။ ဆယ်ဇင်းကပြည်သူတွေက မထွက်နိုင်တော့ဘူး။ ပြည်သူတွေက ပြေးလို့မရတာစိုးတာပေါ့။ ဖုန်းလိုင်းကလည်းအခုမှပြန်ပွင့်တယ်။ ဆိုင်ကယ်တွေ သုံးဘီးတွေကစ စက် မနှိုးခိုင်းဘူး။ ခြေချင်ပဲသွားခိုင်းတာ ရွာထဲမှာတောင်မှ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် SNA တပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားသည့် ဆယ်ဇင်းကြိုးတံတားအနီးတွင်လည်း လက်နက်ကြီး ပစ်ခတ်ခံများကြားနေရသည်ဟု အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးပစ်သံကြားရတာတော့ ကြိုးတံတားရယ်၊ သံယောဇဥ်ကုန်းဘက်နားမှာရှိတဲ့စစ်ကောင်စီ စခန်းတွေနား ကြားရတယ်ဗျ။ ရှမ်းနီ (SNA) သီးသန့်နေတာလို့တော့မဟုတ်ဘူး စစ်ကောင်စီကလူတွေကောရှိတယ်” ဟုသူကပြောသည်။

သံယောဇဉ်စခန်းကုန်းကို ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးသုံးလုံးကြဲချသွားကြောင်း ဒေသခံများကပြောသည်။

လက်ရှိအချိန်တွင် တာမခန် – ဆယ်ဇင်းလမ်းကိုလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ထားကြောင်း သိရသည်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲအခြေအနေပြင်းထန်လျက်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၁) ရက်နေ့ကလည်း ဖားကန့်မြို့ နယ် ဘွမ်ရာယန်ကျေးရွာအနီးသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းဆွဲတိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ကလည်း KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်အလုံး ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

သတင်း – Thu Ta, Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ