တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ည ၇ နာရီခန့်က စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မိုးမောက်မြို့မှ ဒေသခံပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မိုးမောက်မြို့ ကြေးနန်းရပ်ကွက်နှင့် ကြံခင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး  အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်နှစ်လုံးကြားမှာ ကျတာ။ အဲ့အိမ်နှစ်လုံးထဲက လူနှစ်ယောက်ထိတယ်။ တခြားထိတဲ့နှစ်ယောက်တော့ နည်းနည်းဝေးတဲ့အိမ်က ဟုတ်တယ်။ လျှပ်စစ်မီးကြိုးတွေတောင် ပြတ်သွားတာ လမ်းမီးကြိုးတွေပေါ့။ တိုက်ပွဲဖြစ်တာ မရှိဘူး။ ဒီတိုင်းရမ်းသမ်းပစ်တာ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူလေးဦးမှာ အသက် (၂၀) နှစ်ခန့်အရွယ်ရှိ ကိုနိုင်မင်းဦး၊ အသက် (၄၅) နှစ်ခန့်အရွယ်ရှိ မလှယုံ၊ အသက် (၅၀) နှစ်ခန့်အရွယ်ရှိ ဒေါ်လွန်းစိန်နှင့် အသက် (၅၂) နှစ်ခန့်အရွယ်ရှိ ဦးမောင်ဆိုင်ဆိုသူတို့ဖြစ်ကြောင်း သိရသည်။

ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့သဖြင့် လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့သူများတွင် ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“အသက် (၂၀) နှစ်နဲ့အမျိုးသားက ဗိုက်ပေါက်ပြီး အူတွေထွက်သွားတာပေါ့နော် အသက်အန္တာရာယ် အရမ်းစိုးရိမ်နေရတယ်။ နောက်ထပ်အမျိုးသားတစ်ယောက်ကတော့ လက်မောင်းမှာထိပြီး နောက်ထပ် အမျိုးသမီးတစ်ယောက်ကကျ ဘယ်ဘက်ခြေကျင်းဝတ်မှာ မိုင်းစမှန်ပြီးကျိုးသွားတာပေါ့ နောက်ထက် တစ်ယောက်ကတော့ လည်ပင်းတည့်တည့်ကို ယမ်းစစိုက်သွားတာ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများက လက်ရှိအချိန်တွင် ဗန်းမော်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

လက်နက်ကြီးများကို မိုးမောက် အခြေစိုက်စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ) ၄၃၇ က ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့ကလည်း မြေမြုပ်မိုင်း နင်းမိသောကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

သတင်း – Pan soon, Zami

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ