စစ်ကိုင်းတိုင်း၊ ထီးချိုင့်တစ်မြို့လုံးရှိ စစ်ကောင်စီရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးများအားလုံး ပိတ်ထားပြီး ဝန်ထမ်းများထွက်‌ပြေးသွား‌ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များအပါအဝင် ဒဏ်ရာရ ဝန်ထမ်းများကို မြသိန်းတန်တောင်ပေါ်သို့ခေါ်ယူကာ လူအင်အားအများအပြားဖြင့် လုံခြုံရေးယူထားကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“မနေ့ညကတည်းက ခေါ်ထုတ်သွားတာ။ အခုဝန်းသိုနယ်ဘက်ရောက်သွားတယ်။ တချို့ဆိုရင်မိသားစုလိုက်ပါတယ်။ ထီးချိုင့်မြို့ပေါ်မှာက ပြည်သူတွေလည်းမရှိကြတော့ဘူး ခြောက်ကပ် သွားပြီ။ အကုန်လုံးထွက်ကုန်ကြပြီ” ဟုဆိုသည်။

အဆိုပါ မြသိန်းတန်တောင်ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ နေ့လယ်ပိုင်းက ထောက်ပို့ရဟတ်ယာဉ်နှစ်စီးဖြင့် ရိက္ခာပစ္စည်းများလာရောက် ပို့ဆောင်သွားကြောင်းဆိုသည်။

“ရဟတ်ယာဉ် သုံးစီးတက်တယ်၊ နှစ်စီးက တစ်တွဲပေါ့လေ Mi 35 နဲ့ ထောက်ပို့ယာဉ်ပေါ့။ အဲဒီထောက်ပို့ယာဉ်က မြသိန်းတန်တောင်ပေါ်မှာရှိတဲ့ (စစ်ကောင်စီ) တွေကို ရပ်ပြီးတော့ ပစ္စည်းတွေချပေးသွားတယ်။ လက်နက်ခဲယမ်းတွေနေမှာပေါ့။ အဲဒါပြီးတော့ ကသာဘက်ကိုတက်သွားတယ်လေ” ဟုဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ကြွေး‌ကြော်ထားပြီး ကောလင်းမြို့ကိုလည်း ညသိမ်းထားသောကြောင့်မြို့ခံများက ကြိုတင်ရှောင်တိမ်းကြခြင်းဖြစ်ကြောင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

“ပြည်သူလူထုတွေလည်း ကြိုတင်ရှောင်ထားကြတာဖြစ်မှာပါ။ ကျွန်တော်တို့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြွေးကြော်နေတာကိုး။ အခုလည်းကောလင်းမြို့ကိုသိမ်းပိုက်ထားတယ်ဆိုတော့ အနီးနားကမြို့တွေမှာလည်း အဲ့လိုပဲယူဆလို့ ထွက်ပြေးကြတာပဲလို့ယူဆလို့ရပါတယ်” ဟုပြောသည်။

ကောလင်းမြို့သည် ထီးချိုင့်မြို့ အနောက်ဘက် မိုင် ၄၀ အကွာတွင်တည်ရှိပြီး လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွေအုပ်ရုံးအပါအဝင် မြို့တွင်းနေရာအချို့တွင် အခိုင်အမာတပ်စွဲကာ လုံခြုံရေးယူထား ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် မန်ဂျေ(ဒေသအခေါ် မိုက်ခရိုဝေ့တောင်)၊ ရွှေကူတောင်၊ မြသိန်းတန်တောင် စသည့်တောင်များပေါ်မှ ထီးချို့င့်မြို့ပြင်ဖက်သို့ ယနေ့ နံနက်ပိုင်းအချိန်ကစတင်ကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းလည်း သိရသည်။

တောမကျေးရွာနှင့် ဒိုးပင်ကျေးရွာကြားရှိ တောင်ကုန်းပေါ်သို့ ယမန်နေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဖက် တောင်ရိုးတစ်လျှောက်တွင် ပြီးခဲ့သည့် ရသတ္တပတ်ခန့်က တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့က ကြက်သွန်ခင်းကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်။

သတင်း – Thu Ta၊ Dureng

သင့်ထင်မြင်ချက်ရေးပေးပါ