ခိုးဆိုးလုယက်မှု အလွန်များလာသော မြစ်ကြီးနားမြို့တွင် တစ်ပတ်အတွင်း အိမ်စီးကား သုံးစီးထက်မနည်း ခိုးယူခံခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ပြီးခဲ့သည့် နိုဝင်ဘာလ (၄) ရက်နေ့ နံနက် (၂) နာရီခန့်က ခြံစည်းရိုးကျော်တက်ကာ ကားတစ်စီးခိုးယူသွားခဲ့ကြောင်း ကားပိုင်ရှင်တစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့အချိန်က အိမ်သားတွေနိုးပြီးထအော်ရင် ရိုက်ရင်လည်း ထရိုက်မယ့်အနေအထားရှိတယ်။ ဧည့်ခန်းအထိ ဝင်ထားတာတွေ့တယ် လူလည်းတော်တော်များကြတဲ့ပုံပဲ တုတ်အကြီးကြီးတွေလည်း ထားခဲ့ကြတယ်” ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁) ရက်နေ့ညက မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းမ တပ်ကုန်းရပ်ကွက်ရှိ My Bar တွင် (IPSUM) အမျိုးအစားကားတစ်စီးခိုးယူခံခဲ့ရပြီး စီတာပူရပ်ကွက်တွင်လည်း ပြီးခဲ့သည့်အောက်တိုဘာလ ၃၁ ရက်နေ့က Toyota Mark II အမျိုးအစားကားတစ်စီးခိုးယူခံခဲ့ရသည်။

မြစ်ကြီးနားမြို့အတွင်း ကားခိုးယူခံရမှုများ ခပ်စိပ်စိပ်ဖြစ်လာသော်လည်း တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးသူ မရှိကြောင်း ကားခိုးယူခံရသည့် ကားပိုင်ရှင်အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“မြန်မာနိုင်ငံက မင်းမဲ့နိုင်ငံလိုဖြစ်နေတော့ လုံခြုံမှုလည်းမရှိဘူး။ အရင်တုန်းကတော့ ကားပျောက်ရင် ပြန်ရှာလို့ရတယ်။ တွေ့နိုင်တယ်။ အခုက တိုင်စရာနေရာလည်းမရှိ ပြောပြမယ့်နေရာလည်း မရှိတော့ ကိုယ်ဖြစ်ကိုယ်ခံလိုဖြစ်နေတယ်။ ကိုယ့်ကိုကာကွယ်မယ့်သူမရှိတော့ ကိုယ့်ဖာကိုယ်ကာကွယ်ကြရုံပဲရှိတယ် ကျွန်မတို့လိုမဖြစ်အောင် ဂရုစိုက်ကြပါလို့” ဟုပြောသည်။

လတ်တလော မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်နှင့် ဖုန်းခိုးယူခံမှုအပြင် အိမ်စီးကားခိုးယူခံရမှု ပိုမိုအဖြစ်များလာသော်လည်း သက်ဆိုင်ရာသို့တိုင်ကြားခြင်းထက် ကားအရောင်းပွဲစားကုမ္ပဏီ အစုအဝေးများတွင်သာ အချင်းချင်းကူညီရှာဖွေနေကြရကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ သတ္တမနေ့အသင်းတော်ပိုင် လူမှုကူညီရေးကားတစ်စီး ဘုရားကျောင်းဝန်းအတွင်း လူမရှိချိန် ခြံဝန်းတံခါးသော့များရိုက်ဖျက်ကာ ခိုးယူခံခဲ့ရပြီး အဆိုပါဘုရားကျောင်းနှင့် နှစ်အိမ်ကျော်တွင်လည်း ဆိုင်ကယ်နှစ်စီးခိုးယူခံခဲ့ရသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ