စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်ကြေညာလိုက်သည်။

ကလေး – တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ (၃) ရက်နေ့မှစတင်ကာ ကချင်လွတ်လပ်ရေးတပ် (KIA)၊   ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နွေဦးတော်လှန်ရေး၏ အမြင့်မားဆုံးသော စစ်ရေးမှတ်ကျောက်ထွင်းနိုင်သည့် အချိန်သို့ရောက်ရှိလာပြီဖြစ်ပြီး ခုခံတော်လှန်စစ်မှ မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲများအထိ တစ်လှိုင်းပြီး တစ်လှိုင်းချီတက်နိုင်မည်ဟု မျှော်လင့်ကြောင်းယနေ့ကျင်းပပြုလုပ်သည့် အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

“နွေဦးတော်လှန်ရေးမှာ အမြင့်မားဆုံးသော စစ်ရေးမှတ်ကျောက်ကို ရေးထွင်းနိုင်တဲ့အချိန်ကို ရောက်လာပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ခုခံတော်လှန်စစ်မှသည် မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲတွေအထိ တစ်လှိုင်းပြီး တစ်လှိုင်း ဆက်လက်ချီတက်နိုင်ကြမယ်လို့ ကျွန်တော့်အနေနဲ့ အထူးမျှော်လင့်ပါတယ်” ဟုပြောသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကိုလည်း နိုဝင်ဘာလ ၂ ရက်နေ့ညမှ စတင်ကာ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့က အပြီးတိုင်ရှင်းလင်းသိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သည်။

ထို့အပြင် ကောလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင်လည်း ပြည်သူ့တော်လှန်ရေး အလံတော်လွှင့်ထူထားပြီဖြစ်သည်။

သတင်း – Nann

သင့်ထင်မြင်ချက်ရေးပေးပါ