ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသောစစ်ကောင်စီ ထောက်ပို့သင်္ဘောခုနှစ်စီး ယမန်နေ့ည ၁၀ ခန့်က ကနီမြို့အနီးတွင် တိုက်ခိုက်ခံခဲ့ရပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သင်္ဘောနှစ်စီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကနီမြို့အနီးတွင် သောင်တင်နေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ကျောက်လုံးကြီး KLG မဟာမှ တာဝန်ခံက The 74 Media ကိုပြောသည်။

“အဲ့သင်္ဘောတွေက ပြီးခဲ့တဲ့ လေးရက်နေ့ကဆင်းလာတာ။ အဲ့နေ့ကတည်းက တိုက်ခိုက်ခဲ့တာ မနေ့ညတော့ နှစ်စီးသိမ်းလိုက်နိုင်တယ်။ ကျန်တဲ့ငါးစီးကတော့ အဲ့နှစ်စီးနဲ့ မီတာ ၃၀၀ လောက်အကွာမှာရှိနေတယ်။ အခုကတော့သိမ်းမိတဲ့သင်္ဘောတွေကို ရေမြုပ်လိုက်ပြီ” ဟုပြောသည်။

တစ်နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရရှိသည့် သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခြားသင်္ဘောများပေါ်သို့ ထွက်ပြေးသွားကာ ရုပ်အလောင်းအချို့ကိုလည်း မြစ်အတွင်းမျောလိုက်သည်ကိုတွေ့ရှိကြောင်း သူကဆက်ပြောသည်။

“ညကအထိတွေ့မှာတော့ ရန်သူ့(စစ်ကောင်စီ) အလောင်းငါးလောင်းတော့ ရေထဲမျောသွားတာ ကျွန်တော်တို့ တွေ့လိုက်တယ်။ ကျန်တဲ့ကောင်တွေကတော့ ကျန်တဲ့သင်္ဘောဆီ ထွက်ပြေးသွားလို့ လွတ်မြောက်သွားတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်ကောင်စီထောက်ပို့သင်္ဘောနှစ်စီးကိုလည်း တိုက်ခိုက်နေကြောင်းသိရသည်။

အဆိုပါတိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃၊ KLG PDF နှင့် ယင်းမာပင်ခရိုင်တပ်မဟာ၊ BLDF၊ ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ခုနှစ်စီးကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – ပေးပို့ (သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီထောက်ပို့သင်္ဘောနှစ်စီးတွေ့ရပုံ)

သင့်ထင်မြင်ချက်ရေးပေးပါ