စစ်ကောင်စီ၏ မုံကိုးဗျူဟာကုန်းကို ယနေ့ နံနက်ပိုင်းက ကိုးကန့် (MNDAA)နှင့် ရက္ခိုင့်တပ်တော် (AA) မဟာမိတ်ပူးပေါင်းတပ်ကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မုံကိုးဗျူဟာကုန်းကို ယနေ့နံနက်ပိုင်းမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မွန်းလွှဲ ၁ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဘရာဇီးနိုင်ငံထုတ် EE-9 အမျိုးအစား တိုက်ခိုက်ရေးသံချပ်ကားတစ်စီးလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက The 74 Media ကို ပြောသည်။

“ကျွန်တော်တို့ ဒီနေ့နေ့လယ်ပိုင်းမှာ မုံကိုးဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီမှာ တင့်ကားတစ်စီးလည်း ရခဲ့ပါတယ်။ တင့်ကားကောင်းသေးလား၊ မကောင်းဘူးလားဆိုတာကတော့ အသေးစိတ်မသိရသေးဘူးပေါ့။ မကောင်းရင်လည်း ကျနော်တို့က ယူဆောင်ပြီး(ပြုပြင်)ဆောင်ရွက်ပြီး ပြန်သုံးမှာပါ” ဟုဆိုသည်။

ဒရုန်းတပ်များအပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တင့်ကားတစ်စီးနှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ယနေ့ နံနက် ၆ နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့တပ်စွဲထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်ရှိ ဘုရားဝင်းကို ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် ၁၂ ရက်မြောက်နေ့အထိ ကိုးကန့် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် တော်လှန်ရေး မဟာမိတ်တပ်များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၁၃၀ ခန့်နှင့် တင့်ကား စုစုပေါင်း ၇ စီးတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အပြင် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

သတင်း – Thu Ta

ဓါတ်ပုံ – The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ