နယ်စပ်ဒေသဖြစ်သည့် ခေါင်းလန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာတွင် ယမန်နေ့ည ၁၂ နာရီခန့်က ရွာလုံးကျွတ်နီးပါး နေအိမ်များမီးလောင်ပျက်စီးသွားကြောင်း သိရသည်။

တောင်ပေါ်တွင်တည်ထားသော ကျေးရွာဖြစ်ပြီး တောင်ထိပ်ပိုင်းရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့သဖြင့် ရှောက်ကော (တရုတ်ဟင်းခတ်အမွေးအကြိုင်တစ်မျိုး) သိုလှောင်ရုံများလည်း မီးထဲပါသွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အားလုံးတော့မလောင်ဘူး။ အဲ့မှာက တောင်ဆိုတော့ အဲ့လို့အကွေ့ကွေ့လုပ်ထားကြတာပေါ့နော် လမ်းတွေလည်း လမ်းတစ်ကွေ့မှာအိမ်တွေတန်းစီပြီးဆောက်နေကြတာ။ အခုလောင်တဲ့နေရာကတော့ ထိပ်ဖက်အဆုံးဖက်အပေါ်ပိုင်းပဲလောင်တာ ဟိုးအောက်ပိုင်းရွာရဲ့အဆုံးဘက်တော့မလောင်ဘူး” ဟုပြောသည်

မီးလောင်မှုကြောင့် လူအထိအခိုက် ရှိ၊ မရှိနှင့် နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးသွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေသည်။

မီးလောင်ကျွမ်းမှုတွင် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ရန်သိုလှောင်ထားသည့် ဟင်းခတ်အမွေးအကြိုင်များမီးလောင်ပျက်စီးခဲ့သည်ဟု သူကဆက်ပြောသည်။

“ဒီဖက်မှာ စပါးတော့မစိုက်ကြဘူး အဓိကတော့ ရှောက်ကော၊ ပါကောကို အားထားပြီးနေကြတာ။ သိုလှောင်တာလည်းအများကြီး ရှိန်းခေါင်မှာက။ တရုတ်ပြည်နယ်စပ်လမ်းပိတ်ကတည်းက သိုလောင်ထားတဲ့ သုံးနှစ်အတောအတွင်းမှာ အများကြီးပဲနော်။ အဲ့တာတွေလောင်သွားတော့ စားဝတ်နေရေး အခက်အခဲရှိသွားမှာ” ဟုပြောသည်။

မီးလောင်ရသည့် အကြောင်းအရင်းကို အတိကျမသိရသေးသော်လည်း အလွန်အေးသော ဒေသဖြစ်သောကြောင့် မီးပေါ့ဆမှုကြောင့် မတော်တဆမီးဖြစ်နိုင်သကဲ့သို့ ရှို့မီးလည်းဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းနေကြသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ စားသုံးကုန်များသာ တင်သွင်းနေသည့် ရှိန်းခေါင်ကျေးရွာရှိ တရုတ်နယ်စပ်ဂိတ်ကို ကိုဗစ်ကာလမှစတင်ကာပိတ်ထားပြီး ပြန်လည်ဖွင့်လှစ်သည်မှာ နှစ်လခန့်သာရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လကလည်း ပန်နန်းဒင်မြို့နယ်၊ ထလာထုကျေးရွာတွင် ရွာလုံးကျွတ်မီးလောင်ပျက်ဆီးခဲ့သောကြောင့် လက်ရှိအချိန်ထိ စားဝတ်နေရေးခက်ခဲနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်အုပ်စုတွင်ပါရှိသည့် ရှိန်းခေါင်ကျေးရွာသည် တရုတ် – မြန်မာနယ်စပ်တွင်တွင်ရှိပြီး ပူတာအိုမြို့နှင့် ၁၃၂ မိုင်ခန့်ကွာဝေးကွာ အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၅၀၀ ခန့် နေထိုင်သည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ