တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ယနေ့ နံနက် ၆ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့တပ်စွဲထားသောနေရာကို ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည်။

နမ့်ခမ်းမြို့လယ် ဘုရားဝင်းအတွင်း ဝင်ရောက်တပ်စွဲထားသည်ကို ယမန်နေ့ညမှ စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက်တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း နမ့်ခမ်းမြို့ရဲစခန်းအပါအဝင် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ မိုင်းဝီးတပ်စခန်း၊ မန်းပူးကြီးကျေးရွာရှိ တပ်စခန်း၊ နမ္မတူမြို့နယ် ပန်းသပြေကျေးရွာရှိ တပ်စခန်းနှင့် မန်တုံမြို့နယ် ခိုမုန်းကျေးရွာရှိ ခိုမုန်းတပ်စခန်းတို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

နောင်ချိုမြို့နယ် ဂုတ်ထိပ်အနီးတစ်ဝိုက်နှင့် ရွှေညောင်ပင်ကျေးရွာအနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့နံနက် ၉ နာရီခန့်မှစတင်ကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကန့် (MNDAA) တပ်ဖွဲ့ကလည်း ကွမ်းလုံဒေသအနောက်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ယမန်‌နေ့ နံနက် ၁၀ နာရီခန့်က ကိုးကန့် (MNDAA) တပ်ဖွဲ့က တုန်းရှမ်းဒေသ၊ ရှင်ရွှေထန်ရှိ စစ်ကောင်စီတပ်စခန်းကို ၁၀ မိနစ်ခန့်သွားရောက်ပစ်ခတ်ပြီး သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရှင်းဝမ်ဒေသ၊ ရှင်ဟွာကျေးရွာအုပ်စု၊ တုံရပ်ထန်၊ ပေါက်ပေါက်တောင်ကုန်းနှင့် ကျင်ဖန်ဟော်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ယမန်‌နေ့ နံနက် ၈ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကောလင်းမြို့ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုက စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားသည့် ကောလင်းမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို သုံးရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ ယမန်နေ့က မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် ၁၁ ရက်မြောက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စခန်းပေါင်း (၁၁၀) ကျော်ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

သတင်း – Nann

သင့်ထင်မြင်ချက်ရေးပေးပါ