တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိသည့် ဖားကန့်မြို့၏ မြို့အဝင်စုပေါင်းစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် (၁၀) ခန့်မှ စတင်ကာ ဖြုတ်သိမ်းလိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏စုပေါင်းဂိတ်ကို ရုတ်သိမ်းလိုက်သော်လည်း မြို့အဝင်တိုးဂိတ်မှာ ပုံမှန်အတိုင်း ဆက်ရှိနေဆဲဖြစ်သည်ဟု လုံးခင်းကျေးရွာတွင်နေထိုင်သည့် အသက် (၅၁) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ဆေးတဲ့ဂိတ်ကိုပိတ်လိုက်ပြီး တိုးဂိတ်နဲ့ စစ်တပ်ရှေ့ဂိတ်မှာတော့ ပုံမှန်တိုင်းပဲပိုက်ဆံပေးရတယ်။ သိထားရသလောက်တော့ တိုက်ခံရမှာကြောင့်မို့ ကြိုတင်ရှောင်နေလိုက်တာလို့ ပြောနေကြတယ်” ဟုပြောသည်။

အဆိုပါ လယ်ပြင်စစ်ဆေးရေးဂိတ်ကို ရက်အကန့်အသတ်မရှိပိတ်ထားမည်ဟု သိရကြောင်းနှင့် တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း ဖားကန့် – မြစ်ကြီးနား ယာဉ်လိုင်းပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

“စစ်ဆေးရေးဂိတ်တစ်ခုပဲ ဖြုတ်လိုက်တာပါ စစ်အင်အားဖြည့်တာလို့လည်းပြောနေကြတာပေါ့။ ဒီကြားထဲ တိုက်ပွဲပြန်ဖြစ်လာဖို့ရှိလောက်တယ်” ဟုပြောသည်။

အဆိုပါစုပေါင်းဂိတ်တည်ရှိနေသည်မှာ နှစ်ပေါင်း (၂၀) ထက်မနည်းရှိပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁) ရက်နေ့ကလည်း ဖားကန့်မြို့ နယ် ဘွမ်ရာယန်ကျေးရွာအနီးသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းဆွဲတိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – Pe Ti

ဓါတ်ပုံ – လုံးခင်းလယ်ပြင်ဂိတ် (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ