ဖားကန့်မြို့ အေးမြသာယာအုပ်စု ဆိုင်းဂျာဘွမ်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေကန်အတွင်း ယနေ့ မွန်းတည့် (၁၂) နာရီခန့်က အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

ဒေသအခေါ် အဲဗားရေကန်တွင် အသက် (၃၀) နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မနကျေးရွာတွင်နေထိုင်သည့် ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက The 74 Media ကိုပြောသည်။

“အလောင်းကတော်တော်ရုပ်ပျက်နေပြီ။ ရေဆင်းကူးရင်းရေနစ်တာဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ကျောက်ရှာပြီးရင် အဲ့ရေကန်မှာရေဆင်းချိုးကြတာ” ဟုသူကပြောသည်။

သေဆုံးသူက ပိုင်ရှင်မဲ့ရုပ်အလောင်းဖြစ်နေသောကြောင့် လူမှုကူညီရေးအသင်းများက ယနေ့ မွန်းလွှဲ ၃ နာရီခန့်က မီးသင်္ဂြိုဟ်ပေးလိုက်ကြောင်း ရှရော်ခလူမှုကူညီရေးမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဖုန်းဆက်အကြောင်းကြားလာတာနဲ့ သွားဆယ်ယူခဲ့တယ်။ အသားတွေက ပုပ်ပွပြီးတော်တော်လေးကို ရွဲနေတာ ပိုင်ရှင်ကမပေါ်လာတာနဲ့ မြန်မြန်ပဲ မီးသင်္ဂြိုဟ်ပေးလိုက်တယ်။ ကြာသွားရင်အနံ့အသက်တွေက ပိုဆိုးလာမှာကြောင့်” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် မကြာခဏ မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ သေဆုံးလျက်ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း ဆန်ခါကျေးရွာရှိ တောက်ပကြယ်ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တွင် ရေမဆေးသမားတစ်ဦး၏ ရုပ်အလောင်တွေ့ရှိခဲ့သည်။

သတင်း – Pe Ti

 

သင့်ထင်မြင်ချက်ရေးပေးပါ