ကချင်ပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဖွဲ့စည်းခဲ့သူ လီဆူနိုင်ငံရေးသမားဦးရွှေမင်းက မြန်မာနိုင်ငံတဝှမ်းလုံးမှလီဆူလူမျိုးစုများ တစ်အိမ်တစ်ယောက်စစ်မှုထမ်းရန် လီဆူ (ကချင်) စာဖြင့် ဖြန့်ဝေနိုးဆော်လိုက်ကြောင်း သိရသည်။

“မြန်မာနိုင်ငံလီဆူစစ်တပ်ခေါ်ယူရန်ဖိတ်စာ” ဟုအမည်ပေးထားသည့်အဆိုပါဖိတ်ခေါ်စာတွင် လီဆူလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် လက်နက်ကိုင်ရန်လိုအပ်သဖြင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များနှင့်ပူးပေါင်းကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးရွှေမင်းက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ကို ဝါးမြိုနေတဲ့ KIA ကို ကျနော်တို့ တန်ပြန် ကာကွယ်တိုက်ထုတ်နိုင်ဖို့ဆိုတဲ့ကိစ္စနဲ့ အကောင်ထည်ဖော်လုပ်ဆောင်တာဖြစ်တယ်။ ဒါကိုအကောင်အထည်ဖော်တာကတော့ တစ်နှစ်လောက် ရှိပါပြီ။ အခုကတော့လိုအပ်တာ‌တွေစီစဉ်ပြီးပြီဖြစ်တဲ့အတွက် တစ်အိမ်တစ်ယောက် လာလို့ရပါပြီဆိုပြီး ကျွန်တော်တို့ တံခါးဖွင့်လိုက်တာဖြစ်ပါတယ်။ လက်နက်ရှိတာက ပြည်သူ့စစ်မှာလေ ပြည်သူ့စစ်နဲ့ပဲ ပူးပေါင်းရမှာပဲ” ဟုဆိုသည်။

ဦးရွှေမင်းအနေဖြင့် ၂၀၂၀ ရွှေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၅၀.၈၁ ရာခိုင်နှုန်းဖြင့် အပြတ်သတ်အနိုင်ရရှိခဲ့သည့် လီဆူခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် လီဆူလူမျိုးများ၏ထောက်ခံမှုအပြည့်နှင့် ဝိုင်းဝန်းဆွေးနွေးသည့် သဘောတူညီချက်ကြောင့် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးရွှေမင်းကဆက်ပြောသည်။

“အခုခေတ်စကားအရပြောမယ်ဆိုရင် အပြတ်သတ်လီဆူတွေရဲ့ Mandate (ထောက်ခံမှု) ရရှိထားတဲ့ ဦးရွှေမင်းအနေနဲ့ ဦးဆောင်ပြီးတော့ ထောက်ခံမှုအပြည့်နဲ့ ဝိုင်းဝန်းဆွေးနွေးသဘောတူညီချက်နဲ့ ဆောင်ရွက်တယ်ပေါ့ဗျာ။ ဒူးလေးပါတီနဲ့မဆိုင်သလို ပြည်သူ့စစ်ကတိုက်ရိုက်ဦးစီးတာမဟုတ်ပါဘူး။ ကျွန်တော်ရဲ့ခေါင်းဆောင်မှုအောက်မှာ အားလုံးက သဘောတူပြီးတော့ လုပ်ကြတာဖြစ်တယ်” ဟုပြောသည်။

အဆိုပါစာတွင် တစ်အိမ်လျှင်တစ်ယောက် မဖြစ်မနေ ပါဝင်ရမည်ဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ ၂၂ ရက်နေ့အထိ အမည်စာရင်း ထည့်သွင်းခြင်းမရှိပါက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နေအိမ်တွင်လာရောက်ခေါ်ယူမည်ဟု ထည့်သွင်းရေးသားထားသည်။

တစ်အိမ်တစ်ယောက် နေအိမ်တွင်လာရောက်ခေါ်ယူမည်ဟု ရေးသားထားသော်လည်း မည်သည့်ပုံစံဖြင့် ခေါ်ယူမည်ကို အသေးစိတ်မသိရသေးပါ။

ဦးရွှေမင်းဦးဆောင်သည့် လက်နက်ကိုင်သူများက တပ်သားသစ်စုဆောင်းရာတွင် အတင်းအကြပ်ခေါ်ယူခြင်းသည် လူအခွင့်အရေးချိုးဖောက်ခြင်းဖြစ်ကြောင်း အသက် ၂၈ နှစ်ခန့်အရွယ်ရှိ လူငယ်တစ်ဦးကပြောသည်။

“ကိုယ့်လူမျိုးအတွက် အမှန်တကယ်လုပ်ပေးမဲ့အဖွဲ့အစည်းဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အိမ်အထိ အတင်းလာခေါ်မယ်လို့ ပြောတာကတော့ လူ့အခွင့်အရေးနဲ့ မညီညွတ်ဘဲ အာဏာရှင်ဆန်တဲ့လုပ်ရပ် ဖြစ်တဲ့အတွက် မလုပ်သင့်ဘူး။ လီဆူအချင်းချင်းလည်း ဟိုဘက်ဒီဘက်လုံးမှာပါနေကြတာဆိုတော့ အခုတောင် အချင်းချင်းကြား စိတ်ဝမ်းကွဲနေပြီ။ သူ့ခံယူချက်နဲ့ သူပေါ့” ဟုပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေတွင် လီဆူလူမျိုးအတွက်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းခြင်းသည် လူမျိုးစုအချင်းချင်းကြား စိတ်ဝမ်းကွဲရုံသာမက လီဆူလူမျိုးများအပေါ် အခြားလူမျိုးများ အမြင်စောင်းသွားနိုင်ကြောင်း လီဆူလူငယ်အမျိုးသမီးတစ်ဦးကပြောသည်။

“မကြာခင် လီဆူလူမျိုးတွေတောင် ကွဲကြတော့မှာ။ အရင်နိုင်ငံရေး‌ဘာမှမဖြစ်ခင် လုပ်တာတော့ ဘာမှမပြောလိုဘူး။ အခုနိုင်ငံရေး‌ ဒီလောက်ဆိုးနေတဲ့အချိန်မှ လီဆူလူမျိုးအတွက်ဆိုပြီး မလုပ်မနေရ ဖြစ်နေတာတော့ စိတ်မကောင်းဘူး။ အမြင်မကျယ်တဲ့သူတွေကလုပ်ကြမှာပေါ့။ အရင်ကအတွေးတွေပဲရှိတဲ့ လူတချို့နဲ့စကားပြောရင် ရန်ဖြစ်ဖို့ပဲရှိတယ်ကွယ်” ဟုပြောသည်။

အဆိုပါထုတ်ပြန်စာတွင် သွားရောက်စာရင်းပေးသွင်းနိုင်သည့် သူများ၏ ဖုန်းနံပါတ်နှင့် ကျေးရွာအမည်များကို ထည့်သွင်းရေးသားထားပြီး ဖေ့စ်ဘုတ် (Facebook)၊ ဝီချက် (Wechat) စသည့် လူမှုကွန်ရက်များအပြင် အသိမိတ်ဆွေများထံမှ တစ်ဆင့်ဖြန့်ဝေနေကြောင်း သိရသည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးရွှေမင်းသည် စစ်အာဏာသိမ်းပြီးနောက် လီဆူလူမျိုးစုအများစုပါဝင်သည့် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ဖွဲ့စည်းရာတွင် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်ပြီး အဆိုပါပြည်သူ့စစ်အဖွဲ့က ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) စစ်စခန်းများ တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။

၁၉၅၅ ခုနှစ်ရွေးကောက်ပွဲကာလတွင် တရားရေးဝန်ကြီးဌာနက ကချင်လူမျိုးတွင် ဂျိန်းဖော့၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါး၊ လာချိဒ်နှင့် မရူလူမျိုးစုများပါဝင်သည်ဟု ထုတ်ပြန်ခဲ့ဖူးသည်။

သတင်း – Thu Ta, Dureng

ဓါတ်ပုံ – (1) Frontier Myanmar, (2) ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သောရုပ်သံမှရယူသည်, (3) ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့နေသော လူစုဆောင်းသည့်စာ

သင့်ထင်မြင်ချက်ရေးပေးပါ