ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သုံးရက်အတွင်း အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် နယ်မြေရှင်းလင်းရေးဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှစတင်ကာ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး ယမန်နေ့ ညနေ ၆ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ကောလင်းမှာက အကုန်သိမ်းနိုင်လိုက်ပြီ။ သူတို့(စစ်ကောင်စီ)ဘက်က (၃၀) ယောက်လက်နက်ချ အလင်းဝင်ခဲ့တယ်။ အကျဉ်သားတွေလည်း အကုန်လွတ်ပေးလိုက်နိုင်တယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ထွေအုပ်ရုံးတစ်ရုံးပဲကျန်ခဲ့တာ တိုက်နေတုန်းမှာပဲ လေယာဉ်တွေနဲ့လာပြီး ဗုံးကြဲခဲ့လို့ နားပြီးသိမ်းလိုက်နိုင်တာ” ဟုပြောသည်။

ထို့အပြင် ကောလင်းမြို့အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် မိသားစုဝင်များကို ဝန်းသိုမြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့က လာရောက်ခေါ်ထုတ်သွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောသည်။

“မနေ့က ညနေပိုင်းမှာ အကုန်လုံးသိမ်းပိုက်လိုက်နိုင်တာ။ ဒီနေ့တော့ မြို့ထဲမှာရှိတဲ့ အလောင်းတွေ လိုက်ကောက်နေတယ်။ ရှင်းလင်းရေးလုပ်နေတယ်ပေါ့။ မြို့ထဲမှာတော့ စစ်ကောင်စီတွေ ရှိကိုမရှိတော့တာ။ ညတုန်းက ဝန်းသိုကနေထိုးလာတဲ့ (စစ်ကောင်စီ) စစ်ကြောင်းက ကောလင်းထဲဝင်ပြီး ကျန်တဲ့မိသားစုတွေနဲ့ သူတို့လူတွေကို ခေါ်ထုတ်သွားတယ်” ဟုဆိုသည်။

လက်ရှိအချိန်တွင် သိမ်းဆည်းရမိသော နေရာများကို ရှင်းလင်းရေးလုပ်ဆောင်နေသောကြောင့် ထိခိုက်ကျဆုံးမှုကို စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကောလင်းမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားသည့် ကောလင်းမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားကာ ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည့် သုံးရက်တာအတွင်း စစ်ရှောင်ပြည်သူ ၅၀၀၀ ခန့်ရှိခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းသုံး တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ နှစ်ဆယ်ကျော်ခန့် သေဆုံးကာ နေအိမ်အများအပြား မီးလောင်ပျက်ဆီးသွားခဲ့ကြောင်းသိရသည်။

သတင်း – Dureng၊ Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ