တန်ဖရဲကျေးရွာဘက်မှ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို မြစ်ကြီးနားမြို့နယ်၊ လမုန်းဇွပ်ကျေးရွာအနီး ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ နေ့လယ် (၂) နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KIA ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များကိုသယ်ဆောင်လာသည့် ကုန်တင်ယာဉ်နှစ်စီး ထိခိုက်ပျက်စီးသွားသည်ဟု မျက်မြင်တွေ့ရှိသည့် ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

“အင်အားခုနှစ်ဆယ်လောက်ရှိမယ်။ အပေါ်ကနေ ဆင်းလာတာ။ ကုန်တင်ကားနှစ်စီးနဲ့တင်လာတာ။ တစ်စီးက အပြာ၊ တစ်စီးကအနီနဲ့။ နှစ်စီးလုံးပျက်သွားတယ်” ဟု ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာတွင် ပျက်စီးသွားသည့် ကားများကိုပြင်ဆင်လျက်ရှိပြီး ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးငယ်များရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုသည်။

“ဆယ်မိုင်ကျေးရွာရောက်ပြီးကားပေါ်က ဆင်းတာနဲ့ ဗုံးကွဲသံ လေးချက်မြည်တယ်။ သေနတ်သံလည်း ၁၀ ချက်လောက်မြည်တယ်။ ဒီတိုင်းရမ်းပစ်တာပါ။ ထိခိုက်တာရှိလား၊ မရှိလား မသိဘူး။ ကျွန်တော်လည်း ဖြတ်သွားရင်းတွေ့တာဆိုတော့” ဟုဆိုသည်။

မည်သည့်တပ်ရင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရသည်ကို သိရှိနိုင်ရန် The 74 Media က ဆက်လက်စုံစမ်းနေသည်။

လမုန်းဇွပ်ကျေးရွာသည် မြစ်ကြီးနားမြို့မှ ၁၁ မိုင်ခန့်အကွာတွင်တည်ရှိပြီး ကချင်လူမျိုးအများစုနေထိုင်ကြသည်။

ကချင်ပြည်နယ်တွင် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ အရေးပါသော ကန်တော်ယန်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုင်ဇာအနီးတဝိုက်သို့ လေကြောင်းနှင့်လက်နက်ကြီးများဖြင့် နေ့စဉ်ဆိုသလို တိုက်ခိုက်နေသည်။

သတင်း – Doi Awng, Hkashi

သင့်ထင်မြင်ချက်ရေးပေးပါ