မြစ်ကြီနား-ဗန်းမော်လမ်းရှိ ဂါးရာယန်ကျေးရွာနှင့်ကဇူးယန်ကျေးရွာတွင် ဒေသအခေါ် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဝင်များ လာရောက်တပ်စွဲနေထိုင်နေသောကြောင့် ဒေသခံများ ကန့်ကွက်နေကြောင်းသိရသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဂါးရာယန်ကျေးရွာထဲတွင် သုံးနေရာခန့်စခန်းချနေထိုင်နေသည်မှာ နှစ်ပတ်ကျော်ရှိနေပြီဖြစ်ကြောင်း ဂါးရာယန်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်ကတော့ စစ်ကြောင်းလုံခြုံရေးအတွက်ဆိုပြီး ခဏလောက်လာနေကြတာပြီးရင်ပြန်သွားတယ်။ တဲအိတ်တွေနဲ့စခန်းလိုနေရာချပြီးနေတာ၊ ရွာဆိုင်းဘုတ်နားမှာတစ်ခု၊ စာသင်ကျောင်းမျက်နှာချင်းမှာတစ်ခုနှင့် ရွာအဆုံးဘက်တွေတစ်ခု နေရာချပြီးနေကြတယ်” ဟုပြောသည်။

ဒေသခံများကန့်ကွက်မှုကြားမှ ပြည်သူ့စစ်များလာရောက်နေထိုင်ခြင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ရပြီး ကျောင်းသားများကိုမူးရူးကာ အကြောင်းမဲ့ထိုးကြိတ်သည့်ဖြစ်စဉ်ကဲ့သို့ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သူကဆက်ပြောသည်။

“သူတို့အခုလို လာနေထိုင်တာကျွန်တော့်အမြင်ရှင်းရှင်းပြောရရင်မကြိုက်ဘူး။ နားတောင်မလည်လာဘူး။ ဘယ်လောက်ပြောပြောဂရုကိုမစိုက်ပေးဘူး။ ဟိုနေ့ကလည်း ကျေးရွာအလယ်တွေမှာ သေနတ်ပစ်ဖောက်တာတွေလုပ်တယ်။ ကျေးရွာစွန်းတွေမှာလည်းသေနတ်ပစ်ဖောက်တာတွေရှိတယ်။ ကျွန်တော်တို့ကိုခြိမ်းခြောက်တာလားတော့မသိဘူး” ဟုပြောသည်။

အလားတူ တစ်ဆက်တည်းကျေးရွာဖြစ်သော ကဇူးယန်ကျေးရွာရှိ ဆေးပေးခန်းရှိသည့်နေရာတွင်လည်း ပြည်သူ့စစ် ၃၀ ကျော်စခန်းချနေထိုင်နေသောကြောင့် ဒေသခံပြည်သူများသွားလာရခက်ခဲနေကြောင်း ကဇူးယန်ကျေးရွာဒေသခံအမျိုးသားတစ်ဦးကဆက်ပြောသည်။

“သူတို့လုပ်ထားတဲ့နေရာက ဒေသခံတွေသွားလာလှုပ်ရှားတဲ့ အဓိကကျတဲ့လမ်းဆုံနေရာမှာဆိုတော့ခက်ခဲနေပြီ။ အခုတူးထားတဲ့ကတုတ်ကျင်းတောင် ၆ ခုလောက်ရှိနေပြီ၊ စစ်တပ်စတိုင်လုပ်ထားလိုက်ပြီ၊ ဒေသခံတစ်ယောက်က မုံညင်းစိုက်ဖို့ခြံတွေလည်းအားလုံးရှင်းထားပြီ။ အဲ့နေရာမှာသူတို့ကအဲ့လိုလာလုပ်လိုက်ပြီ။ အမျိုးသမီးအဆောင်တွေ ကျေးရွာကောင်စီရုံးတွေအားလုံးမှာ နေရာချထားလိုက်တော့ ကျွန်တော်တို့သွားလာလို့မရတော့ဘူး။ သူတို့ကရမ်းကားတယ်၊ ရွာထဲမှာလည်းအခုတစ်လောလက်နက်ငယ်တွေနဲ့ပစ်တယ်။ လက်နက်ကြီးနဲ့လည်း ၇ ကြိမ်ပစ်တယ်။ နေအိမ်တွေလူတွေကိုမထိလို့တော်သေးတယ်” ဟုပြောသည်။

ကန်ဒေါင်ယန်စခန်းသိမ်းပိုက်ခံရပြီးနောက် ကျေးရွာအတွင်းအခြေအနေပိုဆိုးရွားလာကာ ဒေသခံများတစ်ခြားနေရာသို့ရွေ့ပြောင်းနေထိုင်လျှင် ကျေးရွာအတွင်းမိုင်းထောင်ထားမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သူကဆက်ပြောသည်။

“အရင်ညကလည်း ရွှေမင်းပြည်သူ့စစ်နဲ့စစ်ကောင်စီစစ်သားတွေ ရွာအတွင်းလိုက်ပတ်ကြည့်တယ်။ နေအိမ်တွေမှာလည်းဝင်ပြီးစစ်မေးတာတွေလုပ်ခဲ့တယ်။ အခုက စပါးရိပ်သိမ်းရမဲ့အချိန်လည်းရောက်နေဆိုတော့အရမ်းခက်ခဲ့နေတယ်။ အရမ်းစိုးရိမ်ရတဲ့ အခြေအနေမှာရောက်နေတယ်။ ” ဟုပြောသည်။

စစ်ကောင်စီလက်အောက်ခံ ဒေသအခေါ် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ကျေးရွာအတွင်း တပ်စွဲထားသည်ကို ဖယ်ရှားပေးရန် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ထံတင်ပြတောင်းဆိုထားကြောင်းသိရသည်။

ဂါးရာယန်ကျေးရွာ၊ ကဇူးယန်ကျေးရွာသည် စစ်ရှောင်များပြန်လည်အခြေချနေထိုင်နေသော ကျေးရွာများဖြစ်ပြီး ဒေသခံများ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလမှစပြီး တရားဝင်လာရောက်နေထိုင်နေကြောင်း သိရသည်။

သတင်း – Doi Awng
ဓါတ်ပုံ –

သင့်ထင်မြင်ချက်ရေးပေးပါ