ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ရင်း (၃) တပ်ဖွဲ့ဝင်များက ယနေ့နံနက် ခုနှစ်နာရီအချိန်ခန့်က ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ရှိ စုပေါင်းဂိတ်ကိုသွားရောက်တိုက်ခိုက်ကာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးသွားကြောင်းသိရသည်။

ဆဒုံး – ကန်ပိုင်တီလမ်းမကြီးပေါ်ရှိ စုပေါင်းဂိတ်ကို သွားရောက်တိုက်ခိုက်ကာ ရဲများကိုဖမ်းဆီးသွားသည်ဟု အမည်မဖော်လိုသူ ဆဒုံးဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့မနက် သေနတ်သံကခဏပဲကြားရတယ်။ ရဲသုံးယောက်နဲ့ ဈေးရောင်းနေတဲ့နှစ်ယောက်ကိုခေါ်သွားတယ်တဲ့။ တခြားတော့ဘာမှမကြားရဘူး။ မနက်စောစောဆိုတော့ အိပ်ရာထချိန်ခေါ်သွားတာနေမှာ” ဟုပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရဲများနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများလည်း ဖမ်းဆီးခံရနိုင်ကြောင်း ဆဒုံးဒေသခံ အမျိုးသားတစ်ဦးကဆက်ပြောသည်။

“ပြောတာကြားတာက ရဲနှစ်ဦး၊ လဝက လည်းပါတယ်တဲ့၊ ဈေးရောင်းနေသူလည်းပါတယ်လို့ကြားရတယ်။ စရဖအရာရှိက လွတ်မြောက်သွားတယ်တဲ့။ ခဏလောက်ပဲဖြစ်သွားတယ်ထင်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် အခြားမည်သူတို့ မည်မျှဖမ်းဆီးခံရသည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က ဆဒုံး-ကန်ပိုင်တီလမ်းရှိ ဂေါ့နန်ကျေးရွာနှင့် လဂျွန်ကျေးရွာကြားတွင် အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီနှင့် ဒေသအခေါ် ဦးရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်ကို ကချင်လွတ်မြောက်ရေးတပ် တပ်ရင်း (၃) ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ