စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက ရှမ်းမြောက်တွင်ဖြစ်ပွားနေသော တိုက်ပွဲမှာ MNDAA ခေါင်းဆောင်များ၏ လူမျိုးစုကြားမှပြဿနာဟုပြောခြင်းမှာ မမှန်ကန်ကြောင်း ကိုးကန့် (MNDAA) ပြောကြားလိုက်သည်။

“၁၀၂၇ စစ်ဆင်ရေး” သည် ပြည်သူလူထုရဲ့ စိတ်ဆန္ဒက လိုလားတောင့်တနေသော ရည်မှန်းချက်ကို ဖော်ဆောင်နေသည့် အော်ပရေးရှင်းဖြစ်ပြီး အမြစ်ပြုတ်ချေမှုန်းတိုက်ထုတ်သွားမည်ဟု စစ်ကောင်စီကိုးကန့် (MNDAA) ၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက The 74 Media ကိုပြောသည်။

“သူပြောတဲ့ လူမျိုးစုအချင်းချင်းကြားမှာ ဖြစ်တဲ့ပြဿနာဆိုတာကတော့ လုံးဝမဟုတ်ပါဘူးဗျ။ ဒီအော်ပရေးရှင်းကြီးရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုတော့ ပြည်သူလူထုတစ်ရပ်လုံးအတွက် ပေးပို့တဲ့အိတ်ဖွင့်စာနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ပါပြီးသားဖြစ်တယ်။ ထုတ်ပြန်ချက်မှာတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်အတိုင်း ဆက်ပြီးတိုက်ပွဲဝင်သွားမှာဖြစ်တယ်” ဟုပြောသည်။

ထုတ်ပြန်ချက်နှင့် အိတ်ဖွင့်ပေးစာတွင် “မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းတိုက်ထုတ်သွားရန်၊ အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတော်အား အဆက်မပြတ် ဒုက္ခပေးနေခြင်းနှင့် ပြည်သူလူထုတစ်ရက်လုံးအား အကြမ်းဖက်သတ်ဖြတ်မှုများမှ ကာကွယ်တားဆီးရန်” ရေးသားဖော်ပြထားသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေးပစ်ခတ်တိုက်ခိုက်မှုများကို ဟန့်တားရန်အတွက် “၁၀၂၇ စစ်ဆင်ရေး” ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပါဝင်သည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေပြီး စစ်ကောင်စီတပ်စခန်း ၉၂ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်းသိမ်းဆည်းရမိထားသည့် သံချပ်ကာကားများနှင့် လက်နက်ခဲယမ်းများကိုလည်း ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မန်တုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူစစ်၏ တပ်စခန်းလေးခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို ထိန်းချုပ်ထားပြီး စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒေသသုံးခုကို လက်လွတ်လိုက်ရကြောင်း အင်တာဗြူးတစ်ခုတွင် ဝန်ခံထားသည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး “၁၀၂၇ စစ်ဆင်ရေး” သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် စစ်ဆင်ရေးတစ်ခုဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် မဟာမိတ်တပ်များက ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်။

သတင်း – Nann

သင့်ထင်မြင်ချက်ရေးပေးပါ