စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ စစ်ကောင်စီ ရဲစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းအထိုင်ချထားသည့် ကောလင်းမြို့မရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ PDFနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ယနေ့ နံနက် ၃ နာရီခွဲဝန်းကျင်ခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းသိမ်းလိုက်နိုင်တာဟုတ်ပါတယ်ဗျာ။ အခုလည်း ထွေအုပ်ရုံးကိုဆက်တိုးနေပါတယ်။ ဂျက်ဖိုက်တာတွေနဲ့ MI – 35 တွေလာလို့ ခဏနားပြီးဆက်တိုက်နေပါတယ်။ တစ်ဖွဲ့ကရဲစခန်းကိုတိုက်၊ ကျန်တဲ့အဖွဲ့တွေရော (စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေနေတဲ့နေရာတွေတိုက်ပေါ့” ဟုပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“မနက် ၃ နာရီခွဲကကောလင်းရဲစခန်းကို တိုက်ပြီး သိမ်းနိုင်ခဲ့တယ်။ အခုကထွေအုပ်ရုံးနား လေယာဉ်တွေနဲ့ ပစ်နေတယ်” ဟုဆိုသည်။

ယနေ့နံနက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကောလင်းမြို့ရှိ နှစ်ထပ်တိုက်နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း ကနဦးသိရသည်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနှင့် ပျက်စီးမှုများကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့ကလည်း ကောလင်းရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် ဒုရဲအုပ် တစ်ဦးနှင့် ရဲမေတစ်ဦးသေဆုံးခဲ့သည်။

သတင်း – Dureng, Thu Ta

ပုံ –  (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ