ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မန်တုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ တပ်စခန်းလေးခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နမ့်ခမ်း – မန့်ဝိန်းကြီးကို ဆက်သွယ်ထားသော ရွှေလီကြိုးတံတားကို ယနေ့ နံနက် ၇ နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေလီကြိုးတံတားရှိ စစ်ကောင်စီစခန်းမှ လက်နက်လေးလက်၊ 60MM ဗုံးသီး (၃၀) လုံး၊ RPG အသီး (၈) လုံး၊ လက်ပစ်ဗုံး (၅၀) လုံး၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ကွန်ခါတပ်စခန်းကိုလည်း ယနေ့ နံနက် ၄ နာရီက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မန်တုံမြို့ရှိ စစ်ကောင်စီရဲစခန်းနှင့် ပြည်သူ့စစ်စခန်းကိုလည်း ယနေ့ ၅ နာရီခန့်တွင်လည်း သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို ယမန်နေ့ည ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် စစ်ဆင်ရေးတစ်ခုဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် မဟာမိတ်တပ်များက ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်။

သတင်း – Nann

ဓါတ်ပုံ – News & Information Department

သင့်ထင်မြင်ချက်ရေးပေးပါ