စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယနေ့ မွန်းလွှဲ သုံးနာရီအချိန်ခန့်က ကွတ်ခိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကွက်ခိုင်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဈေးတန်းမှာသွားကျတာဟုတ်တယ်။ နေအိမ်လည်းသုံးခုလောက်ထိသွားတယ်။ တခြားတော့ဖုန်းလိုင်းအခက်အခဲကြောင့်မသိရသေးဘူး” ဟုပြောသည်။

တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဈေးတန်းနှင့်နေအိမ်များလည်းပျက်စီးသွားသည်ဟု အခြားဒေသခံအမျိုးသမီးတစ်ဦးကဆက်ပြောသည်။

“နှစ်ကြိမ်မှာ လေးလုံးလာကြဲသွားတယ်လို့သိရတယ်၊ အမျိုးသမီးတစ်ဦးသေဆုံးသွားတယ်လို့ကြားရတယ်။ တစ်ခြားထိခိုက်တာတွေက မကြားရသေးဘူး၊ ဈေးတန့်ရှေ့က နေအိမ်တွေလည်းပျက်စီးသွားတယ်” ဟုပြောသည်။

သေဆုံးသွားသူမှာ အသက် ၅၀ ခန့်အရွယ် တရုတ်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးသည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် (၄) ရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူနှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ