စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် ငါးနာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

လက်နက်ကြီးလက်နက်ငယ်များနှင့် တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုရှိသော်လည်း နှစ်ဘက်အကျဆုံးမရှိကြောင်း ကန့်ဘလူမြို့နယ်သတင်း IO ကိုကေ The 74 Media ကိုပြောသည်။

“ရဲစခန်းနဲ့ ပျူခေါင်းဆောင်တွေနဲ့ နေအိမ်တွေ မီးရှိုးဖျက်ဆီးနိုင်ခဲ့တယ်။ အဲ့ရဲစခန်းနောက်မှာ ဘန်ကာအကြီးကြီးဆောက်ထားတာ ဒေသခံတွေရဲ့ပျဉ်တွေနဲ့ပေါ့။ သူတို့အားလုံးအဲ့မှာဝင်နေကြတယ်။ အဲ့ဘန်ကာက အရမ်းခိုင်တယ်။ ဒရုန်းတွေဘာတွေနဲ့တောင်တိုက်လို့မရဘူး။ လက်နက်ကြီးတွေနဲ့လည်း အပြန်အလှန်ပစ်ခတ်ကြတယ်။ ကျွန်တော်တို့ကတော့ ၆၀ မမ၊ ၈၀ မမတွေနဲ့ပဲပစ်တာ အာလုံးကလက်လုပ်တွေပဲ” ဟုပြောသည်။

အဆိုပါရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့များ အင်းအား ၁၀၀ ခန့်ရှိပြီး ၎င်းတို့သွားရောက်တိုက်ခိုက်စဉ် ဘန်ကာအတွင်း ပုန်းအောင်းနေကြောင်း ပကဖအဖွဲ့ဝင်တစ်ဦးကဆက်ပြောသည်။

“ကျွန်တော်တို့ဘက် စခန်းသိမ်းပွဲလေးတွေဆင်နွဲနေပါတယ်ဗျာ။ ချပ်သင်းစခန်းကိုတော့ ဝင်ပြီးတော့မီးရှို့နိုင်ခဲ့တယ်။ အဲ့က စကစ(စစ်ကောင်စီ)တွေကတော့ အဲ့စခန်းရဲ့နောက်ဘက် ကျောက်ပါးစပ်လိုင်ဂူပုံစံ ဘန်ကာဘက်သွားပုန်းကြတယ်။ အဲ့ချိန်မှာ စခန်းကိုဝင်ပြီး ဖျက်ဆီးနိုင်ခဲ့တာ” ဟုပြောသည်။

ချပ်သင်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းမကျေးရွာ၊ ပုဏ္ဏားကြီးကျေးရွာ၊ ပင့်သာကျေးရွာ၊ အောက်တဲကျေးရွာ၊ ပုဏ္ဏးငယ်ကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ပင့်သာကြီးကျေးရွာ၊ ဆားကျင်းကျေးရွာ၊ ပေါက်တောကျေးရွာ၊ နှောကုန်းကျေးရွာနှင့် ကံကြီးကျေးရွာတွေအပါအဝင် နီးစပ်ရာရွာများတွင် ဝင်ရောက်စီးနင်းလေ့ရှိပြီး ဒေသခံများ၏ စားနပ်ရိက္ခာများလုယူလေ့ရှိကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ