ဖားကန့်မြို့တွင် ချိတ်ဆွဲထားသော “၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကျွန်ဘဝက လွတ်အောင်ရုန်းကြစို့” ဟူသည့်စာတန်းများကို ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖြုတ်ယူသွားကြောင်း သိရသည်။

မှော်စီစာကျေးရွာလမ်းဆုံတွင် ချိတ်ဆွဲထားသည့် စာတန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က အိမ်စီကား နှစ်စီးဖြင့် ရောက်ရှိလာပြီး လုံခြုံရေးယူကာဖြုတ်ယူသွားခြင်းဖြစ်သည်ဟု ဒေသခံကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကားနဲ့ရောက်ချလာတာ မြန်မြန်ဆန်ဆန်ပဲဖြုတ်ပြီး ပြန်သွားကြတယ်။ သူတို့ ဖြုတ်နေတဲ့အချိန်လမ်းထိပ်တွေမှာ လုံခြုံရေးတွေချထားတာတွေ့ရတယ်။ အပစ်ခံရမှာကြောက်လို့နေမယ်” ဟုပြောသည်။

ချိတ်ဆွဲထားသည့် စာတန်းကိုဖြုတ်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာတစ်ဦးကို လက်ဖြင့်ရွယ်ကာ ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်သွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

“ဆိုင်ကယ်တစ်စီးကမသိဘဲနဲ့ ဖြတ်သွားမိတာကိုတားပြီး ရိုက်တော့မလို လက်နဲ့ရွယ်တယ်။ ဆဲလည်းဆဲပေးနေတာကိုကြားနေရတယ်။ ပြန်ခါနီးလည်းဆဲသွားသေးတယ်။ အဲ့ဒီစာတန်းကိုပါ ကားပေါ်ယူသွားတာ” ဟုပြောသည်။

“၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကျွန်ဘဝက လွတ်အောင်ရုန်းကြစို့ သပိတ်အင်အားစု” ဟုဆိုကာ ဝှေခါ၊ လုံးခင်းအုပ်စုနှင့် မှော်လှည့်သပိတ်စစ်ကြောင်းတို့က လိုက်လံချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း နမ္မဖြစ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ