ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” (၇) ရက်မြောက်နေ့၏ နံနက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က စခန်းနှစ်ခုကို ထပ်မံသိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ကိုးကန့်ဒေသတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီစခန်း နှစ်ခုကိုတိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

မည်သည့်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိပါ။

ထို့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော စစ်ကောင်စီ၏ “ရွှေလီကြိုးတံတားရဲကင်း”နှင့် နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနှင့် အုမ္မတီးကျေးရွားကြား စခန်းချထားသော စစ်စခန်း (၁) တို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို ထိန်းချုပ်ထားပြီး စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒေသသုံးခုကို လက်လွတ်လိုက်ရကြောင်း အင်တာဗြူးတစ်ခုတွင် ဝန်ခံထားသည်။

“၁၀၂၇ စစ်ဆင်ရေး” (၆) ရက်မြောက်နေ့ကလည်း စခန်းလေးခုကို ညီနောင်မဟာမိတ်အဖွဲ့နှင့်ပူးပေါင်းတပ်များက သိမ်းဆည်းခဲ့သည်ဟုဆိုပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ် ခြောက်စီးထက်မနည်းကို သိမ်းဆည်းရမိထားပြီဖြစ်သည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာချုပ်တည်ရှိရာ လိုင်ဇာမြို့ကို လေကြောင်းနှင့် လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေသည်။

သတင်း – Hkashi

ဓာတ်ပုံ – News and Information Department, The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ