ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွဲနေသည့် “၁၀၂၇ စစ်ဆင်ရေး” ၏ ခြောက်ရက်မြောက်နေ့တွင် စစ်ကောင်စီစခန်းလေးခုထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း  ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။

ကိုးကန့်ဒေသ “မန်တုံပတပ်စခန်း” နိုဝင်ဘာလ (၁) ရက်နေ့နံနက် (၇) နာရီခန့်တွင် ကိုလည်းကောင်း၊ နေ့လယ် လေးနာရီခန့်တွင် မူဆယ်-နမ့်ခမ်းမြို့အဝင်ရှိ “မန်ခမ်းတပ်စခန်း” နှင့် စယ်လန့်ကျေးရွာရှိ စစ်ကောင်စီနှင့် စိန်ကျော့ပြည်သူ့စစ် “ပူးပေါင်းတပ်စခန်း” ကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟုဆိုသည်။

ထို့အပြင် မိုင်းယု-နမ့်ဖတ်ကာအကြားရှိ စစ်ကောင်စီ၏ “ရင်ကွဲတောင်တပ်စခန်း” ကိုလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူတိုက်ခိုက်ရေးသံချပ်ကာယာဉ်နှစ်စီးနှင့်အတူ ချီတက်လာသည့် စစ်ကောင်စီယာဉ်တန်းကို  နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်အကြား တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီယာဉ်တန်းက အုမ္မတီးကျေးရွာဘက်သို့ ထွက်ပြေးသွားသည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် သံချပ်ကာယာဉ်ကိုဖျက်ဆီးလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကို ရရှိခဲ့သည်အပြင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများဆက်လက်ပြုလုပ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“၁၀၂၇ စစ်ဆင်ရေး” သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် စစ်ဆင်ရေးတစ်ခုဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် မဟာမိတ်တပ်များက ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်။

သတင်း – Hkashi

ဓာတ်ပုံ – 1027 Operation – 3BHA

သင့်ထင်မြင်ချက်ရေးပေးပါ