ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရန်ကြောင့် ဗုံးခိုကျင်းတွင်တိမ်းရှောင်နေသည့် သားအမိနှစ်ဦး ဗုံးခိုကျင်းပြိုကာမြေပိသေဆုံးခဲ့ကြောင်းသိရသည်။

မူဆယ် – မန္တလေးလမ်းမပေါ်ရှိ နမ့်ခွန်ကျေးရွာမှ သစ်ကြားသီးခြံရှိ ဗုံးခိုကျင်းတွင် သားအမိနှစ်ဦး ဗုံးခိုကျင်းပြိုကာ မြေပိသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သေနတ်တွေ လက်နက်ကြီးသံတွေကြားလာလို့ ဝင်ပုန်းတဲ့အချိန် ဖြစ်သွားတာပေါ့။ တွေ့တာတော့ ဒီမနက်မှ တွေ့တာဟုတ်တယ်” ဟုပြောသည်။

ယမန်နေ့ညက ဗုံးခိုကျင်းအတွင်းဝင်ရောက်ပုန်းအောင်းနေရာမှ ယနေ့နံနက်တွင် ထွက်မလာသောကြောင့် သွားရောက်ကြည့်ရှုချိန် မြေကြီးပိသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“မနေ့ညကတည်း ကတုတ်ကျင်းထဲမှာ ဝင်နေတာ မနက် ၆ နာရီထိုးလာလည်း ထွက်မလာတော့ မိသားစုဝင်တွေ သွားကြည့်တဲ့အချိန် မြေကြီးပိပြီး ဆုံးနေတာသွားတွေ့တာ။ ဘယ်အချိန်မှာ ဆုံးသွားသလဲဆိုတာတောင် မသိတော့ဘူး။ မနေ့ညကတည်းကလား ဒီမနက်မှလားဆိုတာ” ဟုပြောသည်။

သေဆုံးခဲ့သူနှစ်ဦးမှာ အသက် ၁၂ နှစ်ခန့်အရွယ်ရှိ မောင်တန်ဘောက်ခေါင်ဇောင်းနှင့် မိခင်ဖြစ်သူမှာ အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဒေါ်ခေါဝန်င်ဆိုသူတို့ဖြစ်ကြောင်းသိရသည်။

ရုပ်အလောင်းများကို မနက်ဖြန်တွင် မြေမြုပ်သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နံနက်ကလည်း မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့ ဘုရားကျောင်းအနီးရှိ မနောင်ကွင်းတွင် စစ်ကောင်စီက လေကြောင်းမှပစ်ခတ်သည့်ဗုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့သည်။

သတင်း – Pan soon, Zami

သင့်ထင်မြင်ချက်ရေးပေးပါ