‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်အတွက် စစ်ရေးဆိုင်ရာ ကျူးကျော်ဝင်ရောက်မှုများကို ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဝပြည်သွေးစည်းညီညွှတ်ရေးအဖွဲ့ (UWSP/UWSA) က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်တွင် ကုန်းကြောင်း (သို့မဟုတ်) လေကြောင်းတစ်နည်းနည်းဖြင့် ‘ဝ’ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်မှုများရှိလာပါက တိုက်ခိုက်သွားမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နိုင်ငံအခြေစိုက် Phoenix New Media ၏ အင်တာဗျူးတွင် “ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်များကို ဖြေရှင်းနိုင်ရန်အတွက် ‘ဝ’ နှင့် မိုင်းလားဒေသများသို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေဖြစ်တဲ့ ရဲ၊ လဝက၊ ကောက်ခွန်တို့ကိုပေးဝင်ဖို့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံပေါင်းပြီးဖိအားပေးရမှာဖြစ်ပါတယ်” ဟုဖြေကြားခဲ့ပြီးနောက် UWSP/UWSA က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အင်တာဗျူးကို အောက်တိုဘာ ၃၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် မည်သည့်ဘက်ကမျှ ပါဝင်သွားမည်မဟုတ်ကြောင်းနှင့် လက်နက်ကိုင်အင်အားစုများအနေဖြင့် အပစ်ခတ်ရပ်စဲရေးကို အမြန်ဆုံးအဖြေရှာကြရန်လည်းတိုက်တွန်းလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့် (MNDAA)၊ တအောင်းအမျိုးသားတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့တို့က  “၁၀၂၇ စစ်ဆင်ရေး” အဖြစ် စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွဲနေပြီး ယနေ့အထိ စစ်ကောင်စီတပ်စခန်း ၈၀ ကျော်ကို သိမ်းဆည်းထားသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ