စစ်ကောင်စီတပ်က လိုင်ဇာမြို့နှင့် အနီးပတ်ဝန်းကျင်ကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေကြောင်းသိရသည်။

လိုင်ဇာမြို့အနီးရှိ အလန့်ဘွမ်တောင်ကိုယနေ့မွန်းလွှဲပိုင်းက လေယာဉ်ဖြင့်လာရောက်ပစ်ခတ်ပြီးနောက် ယခုည ၆ နာရီခန့်တွင်လည်း ဂျက်ဖိုက်တာတစ်စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်သွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အခု (၆ နာရီခန့်က) လည်းလေယာဉ်ပြန်လာပြီးပစ်သွားပြီ။ မနေ့ညကကျတဲ့နေရာမှာတစ်ချက် ဒုတိယတစ်ချက်က အိမ်တောင်တုန်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ ကန်ဒေါင်ယန်ဗျူဟာကုန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုပြုလုပ်လာသဖြင့် မြို့အတွင်း သတိပေးချက်ထုတ်ပြန်ထားကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ဒီနေ့လည်းသတိပေးထားတာဗျ၊ လေယာဉ်ရှစ်စီး ဒီဘက်ကိုတွဲလျက် တောက်လျှောက်လာမယ့် အနေအထားမှာရှိတယ်။ အဲ့ဒါကြောင့် တစ်မြို့လုံးကို သတိပေးထားတာ” ဟုပြောသည်။

လိုင်ဇာမြို့၏ လူစည်ကားသောနေရာများနှင့် ဈေးအနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်များပိတ်ထားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“ဆိုင်တွေတစ်ဆိုင်မှမဖွင့်ဘူး အကုန်ပိတ်ပြီး အဝိုင်းပတ်က ယာဉ်တိုက်မှုတောင် ခဏခဏဖြစ်တဲ့နေရာတွေ ဟုတ်တယ် အခုကလူတောင်မရှိတော့ဘူး။ မနေ့ကစ တချို့ကပိတ်တာ ဒီနေ့ကတော့ အားလုံးပိတ်လိုက်ပြီ။ အခါတိုင်း တနင်္ဂနွေတောင်မပိတ်တဲ့ဆိုင်တွေ” ဟုပြောသည်။

ကန်ဒေါင်ယန်ဗျူဟာကုန်းတိုက်ခိုက်ခံရပြီးနောက် “သည်းခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်သည့်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” Peace Talk Creation Group- PCG မှတစ်ဆင့်ဆက်သွယ်အကြောင်းကြားထားသည်ဟုဆိုကာ ယမန်နေ့ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကန့်သတ်တုံ့ပြန်တိုက်ခိုက်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီကထုန်ပြန်ခဲ့သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ ကန်ဒေါင်ယန်ဗျူဟာကုန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ နံနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်ကလည်း လေကြောင်းမှ သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း – Thu Ta, Dureng

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ