စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းသိမ်းခံထားရသည့် မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့ကို ယနေ့နံနက် ၇ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ပြည်သူနှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများတွင် ကလေးလည်းပါဝင်ကြောင်း သိရသည်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူများတိမ်းရှောင်နေသည့် ကြူကုတ်ပန်ဆိုင်းမြို့ ဘုရားကျောင်းအနီးရှိ မနောင်ကွင်းတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တရုတ်တွေထိတာတဲ့။ ပန်ဆိုင်းမြို့လယ်ခေါင် ဘုရားကျောင်းအောက်မှာလာချတာ ကလေးရော အသက်ကြီးပြီဖြစ်တဲ့ လူကြီးတွေလည်းထိကြတယ်။ ဘုရားကျောင်းနဲ့ ရဲစခန်းကနီးတယ်။ မနေ့ညကတည်းက တိုက်ပွဲဖြစ်နေတော့ မနောကွင်းမှာ လူစုနေတဲ့အချိန်ထိတာ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူသုံးဦးတွင် ဒဏ်ရာအခြေအနေစိုးရိမ်ရသည့် အဘွားအိုတစ်ဦးနှင့် မိန်းကလေးတစ်ဦးမှာ လက်ရှိအချိန်တွင် ဆေးကုသမှုခံယူရန် အခက်အခဲကြုံနေရကြောင်း အခြား ဒေသခံအမျိုးသမီးတစ်ဦးကဆက်ပြောသည်။

“နှစ်ယောက်တော့သေပြီး ဒဏ်ရာရတာက သုံးယောက်ဟုတ်တယ်။ ဆိုးတာက ကလေးမလေးတစ်ယောက်နဲ့ အဘွားအိုတစ်ယောက်က ခေါင်းနဲ့ ခြေ၊ လက်တွေမှာထိထားတယ်။ တရုတ်ပြည်ဘက် ဆေးကုဖို့သွားတာ တရုတ်တွေ မဝင်ခိုင်းကြဘူး” ဟုပြောသည်။

မူဆယ်မြို့နယ်၊ ကြူကုတ်ပန်ဆိုင်းမြို့ရှိ ပန်ဆိုင်းရဲစခန်းကို ယမန်နေ့ညက မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်။

သိန္နီမြို့နယ်၊ နမ့်ဇလပ်မြို့တွင်လည်း ယနေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သတင်း – Zami

ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ